၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ချမ်အေးသာစံ ဖေဖော်ဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ(၁၉)ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင်  ၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ် (၆)မျိုးရရှိသည့်ဘွဲ့တံဆိပ်ဆက်ကပ် အပ်နှင်းချီးမြှင့်ခြင်းအခမ်းအနားကို မတ်လ ၁၃ ရက် (တပေါင်းလပြည့်နေ့) မွန်းလွဲ ၁ နာရီတွင် သက်ဆိုင်ရာနေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ တစ်ချိန်တည်းတစ်ပြိုင်တည်း ကျင်းပသွားမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးမှ ရဟန်း(၃၂)ပါး၊ သီလရှင် (၃)ပါး နှင့်လူပုဂ္ဂိုလ်(၁၀)ဦးတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်မှုဖြင့် အောင်မြေသာစံမြို့နယ်၊ မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီးတွင် ဘွဲ့တံဆိပ်တော် ဆက်ကပ်အပ်နှင်းချီးမြှင့်ခြင်းအခမ်းအနားအား နိုင်ငံတော်အဆင့်ဖြင့် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ဆွမ်းဆန်စိမ်းများလည်း လောင်းလှူဒါန်းသွားမည်ဖြစ်ပါကြောင်း၊ ဆရာတော်ကြီးများနှင့် သံဃာတော်များ စိတ်ချမ်းမြေ့စွာ သီတင်းသုံးနေထိုင်ရေးနှင့် အခမ်းအနားအား လစ်ဟင်းမှုမရှိစေရေးအလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် လုပ်ငန်းကော်မတီများအလိုက် မိမိတို့တာဝန်ယူဆောင်ရွက် မည့်ကဏ္ဍတစ်ခုချင်းစီအလိုက် ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၏ ဖြည့်စွက်ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ထွန်းထွန်းနိုင်