မိုင်းယန်း ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျေးရွာဒေသခံ တိုင်းရင်းသားပြည်သူများအား မီးခိုးမြူလျှော့ချရေးဆိုင်ရာ အသိပညာပေး ကွင်းဆင်းဟောပြောခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက မိုင်းလွေကျေးရွာအုပ်စု၊ လောင်ကျန့်ကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းယန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေးနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။ ထို့နောက် မြို့နယ်သစ်တောဦးစီးအရာရှိက ကျေးရွာနေပြည်သူများအား မီးခိုးမြူဖြစ်ပေါ်ရခြင်း အဓိကအကြောင်းအရင်းများနှင့် မီးခိုးမြူလျှော့ချရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို ရှင်းလင်းဟောပြောသည်။ ဆက်လက်၍ မြို့နယ်မြေစာရင်းဦးစီးဌာန ဦးစီးမှူးမှ တောင်ယာမီးရှို့ခြင်းအစား သဘာဝဓာတ်မြေဩဇာပြုလုပ်အသုံးပြုခြင်းဖြင့် မီးခိုးမြူလျှော့ချနိုင်သည့် အကြောင်းအရာများဖြင့် လည်းကောင်း၊ အဓိကအကြောင်းအရာများဖြင့်လည်းကောင်း အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး