နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း ကျောင်းဆောင်သစ်များပြီးစီးမှု ကြည့်ရှုစစ်ဆေး၊ ပရဟိတဂေဟာများသို့ ဆန်နှင့် လူသုံးကုန်ပစ္စည်းများ လှူဒါန်း၊ ယာယီနေရပ်စွန့်ခွာနေထိုင်သည့် ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

လယ်ဝေး ဖေဖော်ဝါရီ ၂၁

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော် တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရနှင့် ဌာနဆိုင်ရာများ လိုက်ပါလျက် လယ်ဝေးမြို့နယ် ကြို့ပင်ကျေးရွာ၊ မူလတန်းကျောင်းတွင် Shan Shwe Hylan Co.ltd မှ တာဝန်ယူတည်ဆောက်ခဲ့သည့် ပေ ၆၀၊ ၃၀ Steel Structure တစ်ထပ်ကျောင်းဆောင်သစ်နှင့် ပြည်ဝင်ကျေးရွာ၊ မူလတန်းကျောင်းတွင် Pyae Maung Maung Co.ltd မှ တာဝန်ယူတည်ဆောက်ခဲ့သည့် ပေ ၆၀၊ ၃၀ တစ်ထပ်ကျောင်းဆောင်သစ်များအား ကြည့်ရှုစစ်ဆေးကာ ကျောင်းဆောင်သစ်ရေရှည်တည်တံ့ရေး၊ ကျောင်းသား ကျောင်းသူများ စဉ်ဆက်မပြတ် တန်းစဉ်ကူးပြောင်းရေး၊ ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးတို့အတွက် မှာကြားဆွေးနွေးခဲ့ပြီး ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများအား ကြည့်ရှုအားပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ပြည်ထောင်စုနယ်မြေ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဂုဏ်မင်းအိုင်ကျေးရွာ၊ ပရဟိတကျောင်းသို့ နေပြည်တော်ကောင်စီမှ လှူဒါန်းသည့် ဆန် ၁၀ အိတ် စောင်အထည် ၁၀၀၊ တီရှပ် ၁၉၀ ထည်တို့အား သွားရောက်လှူဒါန်းသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လယ်ဝေးမြို့နယ်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေထိုင်သည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲသို့ တက်ရောက်၍ အား‌ပေးစကားပြောကြားပြီး ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရက မြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာနေထိုင်သူများအတွက် ထောက်ပံ့ငွေပေးအပ်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက လယ်ဝေးမြို့နယ်အတွင်း ကျေးရွာအုပ်စု ၃၀ ရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူ ၄၃၆ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် ငွေကျပ် ၈၇၂၀၀၀၀ အား ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)