တာချီလိတ် ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ စက်သုံးဆီသယ်ယာဉ်များရောက်ရှိ၍ ဈေးနှုန်းသက်သာစေရေးနှင့် စက်သုံးဆီများ ပြတ်လပ်မှုမဖြစ်ပေါ်စေရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်/မြို့နယ် စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချမ်းမြေ့ဝင်း၊ မြို့မိမြို့ဖ ဥက္ကဋ္ဌ ဦးထွန်းနေဦး၊ ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးစိုင်းစိုင်းနှင့် ဆီလုပ်ငန်းရှင်များက ဖန်မင်ကျေးရွာအုပ်စု၊ ဧဒင်ကျေးရွာရှိ ရန်ကင်းဆီပန့်သို့ ရောက်ရှိလာသော ဆီသယ်ယာဉ် ၁၁ စီးကို တာဝန်ရှိသူများက ဆီအရည်အသွေးများအား တိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် ခရိုင်/မြို့နယ် စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထိုင်းနိုင်ငံမှ စက်သုံးဆီတင်ပို့မှုရပ်ဆိုင်းခဲ့သဖြင့် ဒေသတွင်း စက်သုံးဆီပြတ်လပ်မှုမဖြစ်ပေါ်စေရေးနှင့် ဈေးနှုန်းသက်သာစေရေးအတွက် Max Mega Power Myanmar Co,Ltd နှင့် Golden Gate Energy Co,Ltd တို့မှပူးပေါင်းပြီး မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများမှတစ်ဆင့် တာချီလိတ်မြို့၊ စက်သုံးဆီလုပ်ငန်းရှင်များအသင်းနှင့် ပေါင်းစပ်၍ စက်သုံးဆီသယ်ယူဖြန့်ဖြူး ရောင်းချသွားမည့်ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုက လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါညှိနှိုင်းဆွေးနွေးချက်အရ 92 အောက်တိန်း ဓာတ်ဆီ ၁ လီတာလျှင် ဒေသသုံး ထိုင်းဘတ်ငွေ ၃၆ ဘတ်၊ 95 အောက်တိန်း ဓာတ်ဆီ ၁ လီတာလျှင် ၃၇ ဘတ်၊ HSD ဒီဇယ် ၁ လီတာလျှင် ၃၃.၅ ဘတ်၊ ပရီမီယမ် ဒီဇယ် ၁ လီတာလျှင် ၃၇.၅ ဘတ်ဖြင့် ညှိနှိုင်းခဲ့ပြီး ဆီများဆက်လက်ရောက်ရှိပါက ဈေးနှုန်းများကို လျှော့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)