တောင်ကြီး ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်၊ သိမ်တောင်ပရိယတ္တိ စာသင်တိုက်ရှိဓမ္မာရုံ၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီက တောင်ကြီးမြို့နယ်၊ မြို့နယ်သံဃနာယကအဖွဲ့၊ ပြည်နယ်သံဃနာယကအဖွဲ့ အနားယူ၊ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အစည်းအဝေးတက်ရောက်လာကြသည့် ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အစည်းအဝေးကို စတင်ပြီး ပြည်နယ်သံဃနာကအဖွဲ့ဥက္ကဋ္ဌ တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိစာသင်တိုက် ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တတေဇဝန္တအား သဘာပတိဆရာတော်အဖြစ် တင်မြှောက်ကြသည်။
ထို့နောက် သဘာပတိဆရာတော်ဘုရားကြီးက ဩဝါဒဂထာမြွက်ကြားတော်မူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးလင်းလင်းအောင်က သာသနာရေးဆိုင်ရာကိစ္စရပ်များကို ဖတ်ကြားလျှောက်ထားပြီး၊ မြို့နယ်သံဃနာယကအဖွဲ့မှ အနားယူကြမည့် မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်များနှင့် ပြန်လည်ရွေးချယ်တင်မြောက်သည့် ဆရာတော်များ၏ ဘွဲ့တော်များအဆိုပြုတင်ပြ ဖတ်ကြားလျှောက်ထားခြင်းနှင့် ထောက်ခံတင်ပြလျှောက်ထားခြင်းများ ပြုလုပ်ကြကာ သဘာပတိဆရာတော်ဘုရားကြီးက သံဃာသဘောထားရယူ၍ အတည်ပြုခဲ့သည်။
ယင်းနောက် သဘာပတိဆရာတော်ဘုရာကြီးက နိဂုံးချုပ် ဩဝါဒဂထာမြွက်ကြား၍ အစည်းအဝေးတက်ရောက်လာသူများက ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အစည်းအဝေးကို ရပ်နားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်သံဃနာယကအဖွဲ့ အနားယူ၊ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးကို မွန်းလွဲ ၁ နာရီတွင်ကျင်းပရာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံနှင့် တာဝန်ရှိသူများ တက်ရောက်လာကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အစည်းအဝေးကို စတင်ကြပြီး မဟာဓမ္မိကာရာမကျောင်းတိုက်မှ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဘဒ္ဒန္တဓမ္မာနန္ဒာဘိဝံသအား သဘာပတိဆရာတော်အဖြစ် တင်မြှောက်ကြသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က သာသနာရေးဆိုင်ရာကိစ္စရပ်များကို ဖတ်ကြားလျှောက်ထားခဲ့သည်။
၎င်းနောက် ပြည်နယ်သံဃနာယကအဖွဲ့မှ အနားယူကြမည့် ပြည်နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်များနှင့် ပြန်လည်ရွေးချယ်တင်မြောက်သည့် ဆရာတော်များ၏ ဘွဲ့တော်များ အဆိုပြုတင်ပြဖတ်ကြားလျှောက်ထားခြင်းနှင့် ထောက်ခံတင်ပြလျှောက်ထားခြင်းများပြုလုပ်၍ သဘာပတိ ဆရာတော်ဘုရားကြီးက သံဃာသဘောထားရယူ၍ အတည်ပြုခဲ့ပြီးသဘာပတိဆရာတော်ဘုရာကြီးက နိဂုံးချုပ် ဩဝါဒဂါထာမြွက်ကြား၍ အစည်းအဝေးတက်ရောက်လာသူများက ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အစည်းအဝေးကို ရပ်နားခဲ့သည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံတို့က ဆရာတော်သံဃာတော်များအားဝတ္တုငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်၊ ပြည်နယ်၊(ပြန်/ဆက်)