တာမွေ ဖေဖော်ဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ ကြီးမှူးကျင်းပသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအား အသိပညာပေးဆွေးနွေးပွဲ အမှတ်စဉ်(၄/၂၀၂၅)ကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ YRTC ရုံးချုပ်သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုနှင့်ကော်မတီဝင်များ၊ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းကုမ္ပဏီများမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ဆွေးနွေးပွဲ၌ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ YRTC ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ယာဉ်မောင်းများ သိသင့်သိထိုက်သည့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာဆွေးနွေးချက်များ၊ တာဝန်ယူမှုတာဝန်ခံမှုရှိသည့် ယာဉ်မောင်းတစ်ယောက်ဖြစ်ရေး လုပ်ဆောင်ရန်အချက်များကိုလည်းကောင်း၊ YRTC၏ တရားလွှတ်တော်ရှေ့နေဒေါ်ယဉ်မြင့်နွယ်က ဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည်၍ လေးစားလိုက်နာသည့် ယာဉ်မောင်းကောင်းတစ်ဦးဖြစ်ရန်အချက်များကိုလည်းကောင်း၊ အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်တိုင်းဒေသကြီး)မှ တာဝန်ရှိသူကလည်း ယာဉ်တိုက်မှုဖြစ်စဉ် ဖြစ်ပွားရသည့် အကြောင်းအရင်းများနှင့် ရာဇသတ်ကြီးပုဒ်မများကိုလည်းကောင်း၊ YRTC ကော်မတီဝင်(၄) ဦးမောင်မြို့နှင့် စည်းကမ်းထိန်းသိမ်းရေးနှင့်စစ်ဆေးရေးဌာနမှူး ဦးဝင်းနိုင်က ယာဉ်စည်းကမ်းဖောက်ဖျက်သည့် ယာဉ်မောင်းများအား ယာဉ်စည်းကမ်းဆိုင်ရာ လိုက်နာရမည့်အချက်များ၊ YBSယာဉ်မောင်းများ အများဆုံးစည်းကမ်းဖောက်လေ့ရှိသည့် ပြစ်မှုများအပေါ် သုံးသပ်၍ လိုက်နာသင့်သည့်အချက်များ၊ ယာဉ်မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ပြစ်မှုပြစ်ဒဏ်(၁၃၈)ချက်ပါ ပြစ်ဒဏ်များအား အသီးသီးရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး တက်ရောက်လာကြသည့် ယာဉ်မောင်းများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ မေးခွန်းများဖြေဆိုစေခြင်း၊ ယာဉ်မောင်းများနှင့် အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)