အောင်မြေသာစံ ဖေဖော်ဝါရီ ၁၉
မြန်မာ-တရုတ်သံတမန်ထူထောင်ခြင်း (၇၅)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဖူကျင်နိုင်ငံတကာ ဘာသာစကား သင်တန်းကျောင်းနှင့် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (မန္တလေး)တို့ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြင့် တရုတ်အစားအစာ ချက်ပြုတ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ အထက်ကမ်းနားလမ်းရှိ ကြင်းတော်ယန်ဗုဒ္ဓဘာဘုရားကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ကျော်စိန်ထွန်း၊ ဖူကျင်နိုင်ငံ တကာဘာသာစကားသင်တန်းကျောင်း ဒုတိယကျောင်းအုပ်ကြီး ဦးအောင်မင်းစိုးနှင့် သင်တန်းနည်းပြဆရာများ၊ သင်တန်းသား၊ သင်တန်းသူများ၊ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက အဖွင့်အမှာစကား ပြောကြားပြီး ဦးအောင်မင်းစိုး သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ သင်တန်းနည်းပြများမှ သင်တန်းအား ဆက်လက်ပို့ချကြသည်။
အဆိုပါသင်တန်းအား ဖေဖော်ဝါရီလ ၁၉ ရက် နေမှ ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၈၅)ဦး တက်ရောက်ကြကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)