ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ဆီထွက်သီးနှံစိုက်ခင်း ဧက(၂၀၀)တွင် နေကြာ၊ နှမ်းနှင့် ပဲပုပ်ပင်များ စိုက်ပျိုးထားရှိသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေး

အင်းစိန် ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦး၏ ဆီထွက်သီးနှံစိုက်ခင်း ဧက(၂၀၀)တွင် နေကြာ၊ နှမ်းနှင့် ပဲပုပ်ပင်များ စိုက်ပျိုးထားရှိသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

စစ်ဆေးရာတွင် ဆီထွက်သီးနှံစိုက်ခင်း ဧက(၂၀၀)ရှိ နေကြာပင်အား ဧက(၁၀၀)အတွင်း စိုက်ပျိုးထားရှိမှုကိုလည်းကောင်း၊ နှမ်းပင်အား ဧက(၅၀)အတွင်း စိုက်ပျိုးထားရှိမှုကိုလည်းကောင်း၊ ပဲပုပ်ပင်အား ဧက(၅၀)အတွင်း စိုက်ပျိုးထားရှိမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ခံကလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးထားရှိသည့် အပင်များအား ရေလုံလောက်မှုပေးနိုင်ရေးဆောင်ရွက်ရန်၊ အပင်များကြီးထွားပြီး ထွက်နှုန်းကောင်းအောင် ဆောင်ရွက်ရန်နှင့် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်ရေး ဆောင်ရွက်ရန်စသည်တို့ကို မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီး ဝန်ကြီးများသည် ရွှေတောင်ဆီစက်တွင် ဆီကြိတ်နေမှုအခြေအနေများ၊ ဗူးခွံများ ပြုလုပ်နေသည့် အခြေအနေများ၊ ဗူးခွံအတွင်း ဆီများထည့်နေမှု အခြေအနေများ၊ ဆီများသန့်စင်နေမှု အခြေအနေများ၊ ဆီများအား ရောင်းချရန်အတွက် ထုတ်ပိုးမှုအခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်မှု အဆင့်အဆင့်ကို လှည့်လည်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)