ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

အောင်မြေသာစံ ဖေဖော်ဝါရီ ၂၀

မန္တလေး၊အောင်မြေသာစံမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အကွက်တာဝန်ခံများသည် ယမန်နေ့ နံနက်ပိုင်းက အိုးဘိုရွှေကျင်ရပ်ကွက်အတွင်း မီးဘးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ထိုသို့မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးကြရာတွင်  မြို့နယ်မီးသတ်ဦးစီးမှူး ဦး‌ဇော်မျိုးထက်၊ ဒုတိယဦးစီးမှူး ဦးဇေကိုကိုပိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရန်မီးသတ်တပ်ဖွဲ့၊ တပ်ခွဲ (၄) တပ်ခွဲမှူးကျော်ဝင်းနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆန်းမြင့်အောင်နှင့် ရာအိမ်မှူးများက အကွက်(၁၆/၄၀)ရှိ အိမ်ခြေ ၂၀၀လုံး၊ အိမ်ထောင်စု ၂၅၅ စု၊ လူဦးရေ ၆၄၉ ဦးတို့အား မီးလောင်မှုလျှော့ချစေရေးနှင့် ကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များအဖြစ် မီးသုံးစွဲသည့် ကိရိယာများဖြစ်သည့် မီးချိပ်၊ မီးကပ်၊ သဲ၊ရေ၊ လှေကားများ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိနှင့် မီးသတ်ဆေးဘူးများ အလွယ်တကူ အသုံးပြုနိုင်ရန် တပ်ဆင်ထားခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ ပတ်ဝန်းကျင်မီးဘေးအန္တရာယ် စိုးရိမ်ရမှု ရှိ/မရှိ စစ်ဆေးခြင်းများကို တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးကာ လိုအပ်ချက်ရှိသည့် အိမ်ထောင်စုများအား အသိပညာပေးခြင်း၊ အကြံပြုဆွေးနွေးခြင်း အသိပညာ‌ပေး လက်ကမ်းစာစောင်များ ဖြန့်‌ဝေခြင်းတို့ကို ဆောင်ရွက်ကြပြီး မီးလောင်မှု ဖြစ်ပွားပေါ်ပေါက်ပါက ရေလုံလောက်စွာ ရရှိရေးအတွက် ရေလှောင်ကန်များ၊ သဘာဝရေကန်များအား စစ်ဆေးခြင်းများ ဆောင်ရွက်ကြကြောင်း သတင်းရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)