တောင်ကြီးမြို့၌ ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့် အလေ့ကျင့်ဆိုင်ရာ သင်တန်းဖွင့်ပွဲကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ ၂၀ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်ရှိ ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး၌ ယနေ့နံနက် (၉) နာရီအချိန်က ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့် အလေ့ကျင့်ဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးမှ သင်တန်းဖွင့် အမှာစကားပြောကြားရာမှာ  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အခုလို ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့် အလေ့ကျင့်ဆိုင်ရာ သင်တန်းဆွေးနွေးပွဲကို ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ MSME လုပ်ငန်များကို ဒီဂျစ်တယ်နည်းပညာဖြင့် ဈေးကွက် အောင်မြင်မှုရရှိစေရန်နှင့် ယနေ့မျက်မှောက်ခေတ်တွင် ဒီဂျစ်တယ်နည်းပညာသည် လွန်စွာအရေးပါလျက်ရှိပြီး မိမိတို့နိုင်ငံ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေ လိုအပ်လျက်ရှိပါကြောင်း၊ ဈေးကွက်ရရှိရေးကို အောင်မြင်အောင်ဆောင်ရွက်ရာတွင် Traditional Marketing အပြင် Digital Marketing ကိုပါ ပူးတွဲ ဆောင်ရွက်ကြရန် လိုအပ်မှာဖြစ်ပါကြောင်း၊ Digital Marketing ကိုပါ အောင်မြင်အောင် ဆောင်ရွက်နိုင်ပါက လုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်များကိုပါ ရရှိလာမည်ဖြစ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် အသေးစား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နည်းပညာများ၊ ငွေကြေးအရင်းအနှီးများနှင့် ဈေးကွက်ရရှိရေးကိုလည်း ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း အသေးစားစက်မှုလက်မှုလုပ်ငန်းများကို ဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိပြီး မကြာမီအချိန်ကာလအတွင်း ဒီဂျစ်တယ် နည်းပညာကိုအသုံးပြု၍ Online မှတဆင့် လုပ်ငန်းမှတ်ပုံတင်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် commerce website ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ Online registeration ကို အသုံးပြုနိုင်မည် ဆိုပါက ဒေသအသီးအသီးတွင်ရှိသော အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များအတွက် ပို၍လွယ်ကူသော Process များဖြင့် အလျှင်မြန်ဆုံး ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းကို နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ သင်တန်းနည်းပြဆရာ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကမ္ဘောဇကုန်သွယ်မှုဗဟိုဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောဝင်းကျော်နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးဝေဟင်ကိုကို တို့က သင်တန်းသား၊ သင်တန်းသူ (၁၇) ဦးအား သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်၊ (ပြန်/ဆက်)