မိုးနဲမြို့နယ်၌ မီးခိုးမြူငွေ့ဖြစ်ပေါ်မှုအား တားဆီးကာကွယ်ရန် အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

မိုးနဲ ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်း မီးခိုးမြူငွေ့ဖြစ်ပေါ်မှုကို ဟန့်တားထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် လိုအပ်သောတုံ့ပြန်မှု၊ အစီအမံများ ဆောင်ရွက်လျက်ရှိရာ တောင်ယာမီးရှို့မှု‌ကြောင့် မီးခိုးမြူငွေ့ဖြစ်ပေါ်နေသော ကုန်းလွန်း‌ကျေးရွာအုပ်စုသို့ ယနေ့နံနက် ၈ နာရီအချိန်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပညာပေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်‌မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများပူး‌ပေါင်းအဖွဲ့က တောမီးကြောင့် သဘာဝပတ်ဝန်းကျင်၊ စိုက်ပျိုးမြေများ၊ ပြည်သူပိုင်ပစ္စည်းများ ပျက်စီဆုံးရှုံးမှုမဖြစ်ပေါ်စေရေးနှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်သည့် အဓိကအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့များတွင်ပါဝင်သော လေထုညစ်ညမ်းစေသည့်အရာများ၊ မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်း၍ ဖြစ်ပွားစေနိုင်သော ကျန်းမာရေးဆိုင်ရာဆိုးကျိုးများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး လုပ်ငန်းစဉ်များကိုလည်းကောင်း အသီးသီး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)