ပင်းတယမြို့၌ ခရမ်းချဉ်သီးစိုက် တောင်သူများ ဈေးကောင်းရရန် မျှော်လင့်

ပင်းတယ ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ဖေဖော်ဝါရီလမှစတင်၍ ခရမ်းချဉ်သီးများ ခူးဆွတ်ရောင်းချလျက်ရှိသည်။ အဆိုပါ ခရမ်းချဉ်သီးများ ခူးဆွတ်ရောင်းချရာတွင် ယခင်လက တစ်ပိဿာ (၂၀၀၀) ကျပ်မှ (၂၅၀၀)နှုန်းမှ ယခုအခါ တစ်ပိဿာလျှင် (၂၀၀) ကျပ် (၃၀၀)နှုန်းဖြင့်သာ ခူးဆွတ်ရောင်းချရကြောင်း၊ တောင်သူများအနေဖြင့် ဈေးနှုန်းမတည်ငြိမ်မှုများကြောင့် ဈေးအရောင်းအဝယ်အေးနေကြောင်း သိရသည်။

ပင်းတယမြို့နယ်တွင် ခရမ်းချဉ်သီးများကို မိုးသီးနှံ၊ နွေသီးနှံခွဲ၍ စိုက်ပျိုးကြပြီး ရေခြံများမှာ ရာသီအလိုက်ရရှိသည့် သီးနှံပင်များကို စိုက်ပျိုးကြကာ ယခုခရမ်းချဉ်သီးကို စိုက်ပျိုးရာတွင် မျိုးစေ့များ ပျိုးထောင်ပြီး တစ်လအကြာတွင် ပျိုးပင်များကို ရာသီဥတုအပေါ်မူတည်၍ စိုက်ပျိုးသည်။ ပျိုးပင်များစိုက်ပျိုးပြီး နှစ်လခန့်အကြာတွင် စတင်ခူးဆွတ်နိုင်ကြောင်း သိရပြီး ခရမ်းချဉ်သီးတစ်ပင်လျှင် အနည်းဆုံး တစ်ပိဿာခန့်ထွက်ရှိပြီး တစ်ပတ်တစ်ခါ ပျိုးပင်ပေါ် မူတည်ခူးဆွတ်ကြပြီး အောင်ပန်းမြို့ပွဲရုံများနှင့် မန္တလေးမြို့ပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်း၊ တစ်ချို့သီးနှံပွဲစားများအနေဖြင့် စိုက်ကွင်းထဲသို့ ကိုယ်တိုင်လာရောက် အခင်းပြတ်ဝယ်ယူကြပြီး ခရမ်းချဉ်သီးခူးဆွတ်သူများအား တစ်ဦးလျှင် နေ့စားခ ကျပ် (၁၀၀၀၀) နှုန်းပေးရကြောင်း သိရှိရသည်။

ပင်းတယမြို့နယ်တွင် ရာသီအလိုက် ဒေသထွက်ကုန်များအနေဖြင့် ကော်ဖီ၊ လက်ဖက်၊ ဂျုံ၊ ပြောင်း၊ ကြက်သွန်ဖြူ/နီ၊ အာလူး၊ ဂျူး၊ ပဲပုတ်၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီးနှင့် တောင်ယာစပါးများ စသည်တို့ကို အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)