ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးတွင် ယမန်နေ့ ညနေပိုင်းက ဂေါပကအဖွဲ့ရုံးတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နမောတဿ သုံးကြိမ် ရွတ်ဆိုကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ယင်းနောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် စီမံခန့်ခွဲရေး ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အဖွင့်အမှာစကား ပြောကြားရာတွင် (၁၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းတာဝန်များကို လစ်ဟာမှုမရှိစေရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား ၇-၃-၂၀၂၅ ရက်နေ့မှ ၁၃-၃-၂၀၂၅ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ နှစ်စဉ်ကျင်းပဆောင်ရွက်နေကြ အခမ်းအနားများအား ကျင်းပနိုင်ရေးအတွက် ပထမအကြိမ်အဖြစ် ဦးစီးကော်မတီ အစည်းအဝေးအား ခေါ်ယူကျင်းပခြင်းဖြစ်ကြောင်း၊ တက်ရောက်လာသည့် ပုဂ္ဂိုလ်များအနေဖြင့် ဆောင်ရွက်ဖူးသည့် အတွေ့အကြုံများ ရှိကြပြီးဖြစ်ကြောင်း၊ နှစ်စဉ်ဆောင်ရွက်နေကြလုပ်ငန်းများ ဖြစ်သော်လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုစည်ကားပြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီများအားလုံး ပူးပေါင်းဆောင်ရွက် သွားရန်လိုမည်ဖြစ်ကြောင်း၊ ဘာသာရေးအရ ထုံးတမ်းစဉ်လာ ပွဲတော်များကျင်းပရာတွင် အများပြည်သူပျော်ရွှင်မှု၊ လွတ်လပ်မှု လိုအပ်ချက်များအတွက် ပွဲတော်ကျင်းပခြင်းဖြစ်သော်လည်း ပွဲတော်အား ခုတုံးလုပ်ပြီး မလိုလားအပ်သော ကိစ္စရပ်များ မဖြစ်ပေါ်စေရေး သတိပြုဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ ဌာနဆိုင်ရာလုပ်ငန်းတာဝန်များ များပြားသော်လည်း ယခုအစည်းအဝေးတွင် ဆောင်ရွက်သင့်၊ ဆုံးဖြတ်သင့်သည့် ကိစ္စရပ်များအား မြန်မြန်ဆန်ဆန် စတင်ဆောင်ရွက်နိုင်ရေးအတွက် တင်ပြပေးကြစေလိုကြောင်း၊ ဆပ်ကော်မတီများမှလည်း မိမိတို့ဆောင်ရွက်ရမည့် ကိစ္စရပ်များကို တင်ပြပေးကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ယင်းနောက် လုံခြုံရေးဆပ်ကော်မတီနှင့် ဆပ်ကော်မတီဝင်များမှ ဆပ်ကော်မတီများမှလည်း မိမိတို့ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အသီးသီးတင်ပြ ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေး ဦးစီးကော်မတီ၊ စီမံခန့်ခွဲရေး ဆပ်ကော်မတီနှင့် လုံခြုံရေးဆပ်ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရသည်။
နန်းရွှေရတီ (ပြန်/ဆက်)