ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် သံဝေဇနိယလေးဌာန “ဖွား၊ ပွင့်၊ ဟော၊ စံ” ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ စတုတ္တအကြိမ် ဩဝါဒစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်ဝင်းအတွင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကာ အဘိဂုရု ပေါက်မြိုင်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ပရိတ်တရားနာယူခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ဆရာတော်ကြီးများအား သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် သက်တော်ရှည် ဆရာတော်ကြီးများ စုံလင်စွာဖူးမြော်ခွင့်ရ၍ ဝမ်းမြောက်ကြောင်း၊ သံဝေဇနိယလေးဌာန ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ စေတီတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် တာဝန်ခွဲဝေ၍ ဆောင်ရွက် ပေးထားကြောင်း၊ ဂေါပကအဖွဲ့အနေဖြင့် သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီတော်များ စတင်တည်ထားပူဇော်ခဲ့သည့် ၂၀၁၅ ခုနှစ်မှ ယနေ့အထိ ပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်မှု (၂၄) ကြိမ်၊ သံသရာလမ်းညွှန် အဘိဓမ္မာသင်တန်းမှ သင်တန်းသားများ၏ လူပုဂ္ဂိုလ်ဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲ နှစ်ကြိမ်၊ စေတီတော်ဩဝါဒစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲ သုံးကြိမ်၊ နှစ်စဉ် ကဆုန်ညောင်ရေသွန်းပွဲ၊ သက်ကြီးပူဇော်ပွဲ၊ နှစ်ဦး ဆွမ်းကပ်လှူပွဲ၊ သီတင်းကျွတ်၊ တန်ဆောင်တိုင် ဆီမီးပူဇော်ပွဲ၊ ဗုဒ္ဓပူဇနိယ အနေကဇာတင်ပွဲ၊ ထမနဲထိုး၍ ဘုရားများကပ်လှူပူဇော်ပွဲနှင့် ဘုရားဖူးပြည်သူများ ပေးဝေလှူဒါန်းခြင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဆက်လက်ဆောင်ရွက်ရမည့် ဘုရားစေတီသာသနိက အဆောက်အဦအားလုံး ရောင်တော်ဖွင့်ခြင်းလုပ်ငန်း၊ ဘုရားစေတီ အားလုံးအတွက် သပြေစမ်းဆည်မှ ရေတင်သည့်စနစ်ကို ဆိုလာစနစ်ဖြင့် ဆောင်ရွက်ခြင်း လုပ်ငန်း၊ စေတီအားလုံးတွင် မီးများအားလုံး မီးလင်းရေး ဆောင်ရွက်ခြင်းလုပ်ငန်း၊ ပွင့်စေတီ ဌာန မဟာဗောဓိစေတီတော်လှိုဏ်အတွင်း ကျွန်းရှာထိုးခြင်းလုပ်ငန်း စသည့် ကိစ္စရပ်များအား ဆောင်ရွက်ရန် ကျန်ရှိနေပြီး ကုန်ကျစရိတ် ကြီးမား၍ အလှူရှင်ရှာဖွေခြင်း ဌာနဆိုင်ရာ ပညာရှင်များဖြင့် ကုန်ကျစရိတ်တွက်ချက်ခြင်း၊ တစ်နိုင်တစ်ပိုင် ဆောင်ရွက်နိုင်သည့် ကိစ္စများကို ပညာရှင်များ အကူအညီဖြင့် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘက်စုံမွမ်းမံ ပြုပြင် ရေးနှင့် သာသနာတော်မြတ်ကြီး တည်သရွေ့ သံဝေဇနိယလေးဌာန စေတီတော်မြတ်များ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေး ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း တင်ပြ လျှောက်ထားခဲ့ပါသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ဆရာတော် ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်း ဆက်ကပ်လှူဒါန်းပြီး အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကာ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် နိုင်ငံတော်အကြီးအကဲ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလမ်းညွှန်ချက်အရ ဖွားစေတီ လှေကားလက်ရမ်းပြုပြင်ခြင်း လုပ်ငန်း၊ ဂေါပကအဖွဲ့မှ စိုက်ပျိုးထားသော ပန်းစိုက်ပျိုးရေးခြံလုပ်ငန်း၊ ဟောစေတီ စိမ်းလန်း စိုပြည်ရေးလုပ်ငန်း၊ ဝန်ထမ်းအိမ်ရာများ ပြုပြင်ပေးရန် အခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည်များ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။
“ဖွား၊ ပွင့်၊ ဟော၊ စံ” ဘုရားကြီးများအားလုံးသို့ ရေလုံလောက်စွာ တင်ပို့နိုင်ရေးအတွက် သပြေစမ်းဆည်မှ ရေတင်ပေးသည့် စနစ်ကိုဆိုလာစနစ်ဖြင့် ဆောင်ရွက်ရန် ကျွမ်းကျင်သူများက တွက်ချက်တင်ပြချက်အရ ခန့်မှန်းငွေကျပ် သန်း (၄၀၀) ခန့် ကုန်ကျမည်ဟု သိရပါသည်။
သို့ပါ၍ သဒ္ဒါကြည်လင် ပါရမီရှင်များအနေဖြင့် ရေရရှိရေး လှူဒါန်းလိုပါက နေပြည်တော် သာသနာရေးမှူး ဦးထွန်းမြင့်အောင် ဖုန်း ၀၉- ၄၂၀၇၀၁၄၆၉ ဂေါပကရုံး အဖွဲ့မှူး ဦးအမောင် ဖုန်း ၀၉-၆၈၆၇၈၆၆၉၄၊ ၀၉-၄၄၂၂၅၂၆၇၀ တို့ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
နန်းရွှေရတီ (ပြန်/ဆက်)