ဇေယျာသီရိမြို့နယ်အတွင်းရှိ ပြည်သူများ အစားအ‌သောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး

ဇေယျာသီရိ ဖေဖော်ဝါရီ ၂၀

ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် အစားအ‌သောက် ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းဈေးနှင့် ပြည်စံအောင်ဈေးများသို့ သွားရောက်၍ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဥတ္တရခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဦးစီးအရာရှိ ဦးသက်တင်အောင်(အစားအသောက်)၊ ဇေယျာသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဇော်ဟိန်းနှင့် မြို့နယ်အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးကော်မတီအဖွဲ့ဝင်များက ရေဆင်းဈေးနှင့် ပြည်စံအောင်ဈေးအတွင်း ရောင်းချနေသည့် ငပိထောင်းဘူး၊ ဂျူးချောင်း၊ ပဲသွေး၊ ပဲပြား၊ ပုန်းရည်ကြီး၊ မျှင်ငပိ၊ မုန့်ဖတ် စသည့် စားသုံးကုန်ပစ္စည်းများအား ခွင့်မပြုဓာတုတာရှည်ခံဆေးများပါဝင်မှု ရှိ/မရှိ စစ်ဆေးရန်အတွက် ဝယ်ယူခဲ့ပြီး ဈေးအတွင်းရှိ သား/ငါး ဆိုင်ခန်းများ၊ ကုန်စိမ်းဆိုင်ခန်းများနှင့် ကုန်ခြောက်ဆိုင်ခန်းများတွင် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များရောင်းချရေး၊ ကြာရှည်ခံပစ္စည်းများ အသုံးမပြုရေး၊ သက်တမ်းလွန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးနှင့် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး အလေးထားကြရန် အသိပေးဆွေးနွေးပြောကြားခဲ့ပြီး ခွင့်မပြုဓာတုဆေးများနှင့်ပတ်သက်၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)