ဥတ္တရသီရိ ဖေဖော်ဝါရီ ၂၀
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမြတ်အောင်ဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ မသိမ်ကျေးရွာ ကွင်းအမှတ် (၁၈၉၅) တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောက်လုပ်ထားရှိသော ဆိုလာရေတင်စနစ်ကို အသုံးပြု၍ တောင်သူ ဦးဇော်လင်းနှင့် ဦးမြင့်သိန်းတို့၏ လယ်မြေ၌ နေကြာနှင့်မတ်ပဲများ စိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ဆိုလာရေတင်စနစ်ဖြင့် ရေပေးဝေနိုင်မှု အခြေအနေများနှင့် ဆောင်းဆီထွက်သီးနှံနေကြာနှင့် မြေပဲစိုက်ပျိုးနိုင်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဝင်မှ စိုက်ပျိုးသီးနှံများ စိုက်ပျိုးရေ လုံလောက်စွာရရှိရေး၊ သီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်းများရရှိရေး၊ စိုက်ပျိုးရေများ စိုက်ပျိုးမည့်ဧကများစွာ အသုံးပြုနိုင်ရေး အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် တောင်ညိုကျေးရွာရှိ ဦးနေအောင်၏ ဇီးသီးရောင်းဝယ်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအနေဖြင့် MSME ထုတ်ကုန်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ ထုတ်ကုန်ပစ္စည်းများ တိုးတက်မြင့်မားစေရေးအတွက် အသေးစားမှ အငယ်စား၊ အငယ်စားမှ အလတ်စား၊ အလတ်စားမှ အကြီးစားထုတ်ကုန်ပစ္စည်းများအဖြစ်သို့ တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားပြီး ဆက်လက်ထွက်ခွာခဲ့ရာ မင်းကုန်းကျေးရွာ၊ ကွင်းအမှတ် (၁၈၈၉)၊ တောင်သူ ဦးအေးလွင်၏ လယ်မြေ၌ ဆင်းရွှေကြာ-၂ နေကြာစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး နေပြည်တော်ကောင်စီဝင်မှ စိုက်ပျိုးထွက်ရှိလာသည့် ဆီထွက်သီးနှံများအား ကိုယ်တိုင်ကြိတ်ခွဲ ရောင်းချနိုင်ရေး၊ တစ်နှစ်လျှင်သုံးသီး စိုက်ပျိုးနိုင်ရေး၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်လာစေရေးတို့ကို အလေးထားဆောင်ရွက်ကြစေလိုကြောင်းနှင့် မြေအောက်ရေ စက်ရေတွင်းတူးဖော်၍ ဆိုလာဖြင့် ရေတင်စိုက်ပျိုးနိုင်ရေး ဆွေးနွေးမှာကြားခဲ့ပြီး ဆက်လက်ထွက်ခွာခဲ့ရာ ငန်းစပ်ကျေးရွာ ရွှေဟင်္သာဘုန်းတော်ကြီးကျောင်း၌ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ မွေးမြူရေးဒီပလိုမာကျောင်းဆင်း သင်တန်းသား/ကျောင်းသူများအား ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လက်တွေ့ကွင်းဆင်းပြသနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဦးပဏ္ဍဝအား ဖူးမြော်ကြည်ညို၍ နဝက္ကမ အလှူငွေနှင့် ဆန်၊ ဆီ၊ ဆေး၊ ဆား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ဇလောင်းကျေးရွာရှိ ဆင်လူးငန်းစပ်ကန်သို့ ရောက်ရှိပြီး မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သူက နွေစပါးနှင့် နွေသီးနှံရေပေးဝေနိုင်မှု ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဝင်မှ လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ပြီး ရွှေနံ့သာရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ၂ဝ၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် တက်ရောက်မည့်ကျောင်းသားဦးရေ ပြည့်မီရေး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)