ရန်ကုန် ဖေဖော်ဝါရီ ၁၉
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံပွဲကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား လှိုက်လှဲစွာကြိုဆိုပါကြောင်းနှင့် နောက်ပိုင်းကာလများတွင် ကောင်းမွန်စွာနေထိုင်၍ နိုင်ငံအကျိုးပြုသူများဖြစ်လာစေရေး ကြိုးစားနေထိုင်ကြရန် ပြောကြားခဲ့သည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာပြီး ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သော PDF အဖွဲ့ဝင် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁ ဦးတို့အား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ထို့နောက် မိသားစုဝင်များကိုယ်စား အုပ်ထိန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများနှင့် မိသားစုဝင်များအား တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံခဲ့ကြောင်းသိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)