တံတားမြို့လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

တံတား ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်း‌ဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေဝါသနာရှင်များနှင့် (Youth Club) အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့်ရေးသားသည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်း” စာအုပ်ဖြင့် ယနေ့နံနက် (၁၀) နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပခဲ့သည်။ ‌

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန်မရှိသူများအတွက်၊ စာဖတ်ခွင့်မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိ‌စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက်ရည်ရွယ်၍ လစဉ်စာဖတ်ဝိုင်းများ ပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် (Youth Club) အဖွဲ့ဝင် မောင်ကောင်းသူရိန်က “အချိန်အခါကိုသိပါ” ခေါင်းစဉ်ဖြင့် စတင်ဆွေးနွေးရာတွင် ဘဝမှာတွေ့ကြုံရတဲ့ ကံမကောင်းခြင်း အဆင်မပြေခြင်းများမှာ အချိန်အခါကိုမချိန်စတတ်၍ လွဲချော်ခြင်းများဖြစ်ကြောင်း၊ လူတိုင်း၏အိမ်ထောင်ရေး၊ အလုပ်အကိုင်၊ ပတ်ဝန်းကျင်ဆက်ဆံရေးများတွင် အချိန်အခါကိုသိခြင်းမှာ အောင်မြင်ခြင်းနှင့် စိတ်ချမ်းမြေ့ခြင်းကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း၊ မပြောသင့်သောစကားကို မပြောသင့်သောအချိန်တွင် ပြောမိ၍ချောက်ကျရသောလူများလည်းရှိကြောင်း၊ လူ့အသိုင်းအဝိုင်းတွင် တိကျပြတ်သားသော အချိန်အခါသည် အရေးကြီးကြောင်း အသိပညာနှင့် ကိုယ့်စိတ်ကို ထိန်းသိမ်းနိုင်ရန် လိုအပ်ကြောင်း၊ အချိန်မကျဘဲ တစ်စုံတစ်ခုကိုပြုလုပ်ခြင်းသည် ရာအားလုံးကိုဆုံးရှုံးပျက်စီးစေနိုင်ကြောင်း၊ အချိန်အခါကိုသိခြင်းသည် အခြားလူများ၏ အတွေးအမြင်ကို ခွဲဝေပေးခြင်းဖြစ်ကြောင်း လူတစ်ဦးအတွက် လိုအပ်သောအချိန်တွင် လိုအပ်သောအရာကိုလှူဒါန်းပေးခြင်းမှာ အကောင်းဆုံး အလှူဒါနဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် (Youth Club) အဖွဲ့ဝင် မအိအိပုံက “ရှင်သန်တိုးပွားချစ်ခြင်းတရား” စာအုပ်ဖြင့် ဆက်လက်ဆွေးနွေးရာတွင် ချစ်ခြင်းတရားမှာ အချိန်လိုအပ်ကြောင်း၊ လေးနက်ရင့်ကျက်သော မေတ္တာသည်သစ်ပင်တစ်ပင်နဲ့တူကြောင်း၊ မြေကြီးထဲကမျိုးစေ့ကနေ တဖြည်းဖြည်းရှင်သန်ကြီးထွားလာပြီး အရိပ်အာဝါသကောင်းသော အခိုင်မာဆုံးပင်စည်ကြီးဖြစ်လာကြောင်း၊ လူတိုင်းသည်မိမိ၏ကြင်နာမှုများ နက်ရှိုင်းလာစေရန် မတူညီကွဲပြားသော သဘောထားစရိုက်များကို သည်းခံတတ်ဖို့လိုအပ်ကြောင်း၊ တစ်ပါးသူ၏ ပျော်ရွှင်မှုဝမ်းနည်းမှုကို မျှဝေခံစားတတ်ဖို့လိုအပ်ကြောင်း၊ လူတိုင်း၏ဘဝတွင် ချစ်ခင်သူများအတွက် နေရာပေးခြင်း၊ အချိန်ပေးခြင်းဖြင့်တန်ဖိုးရှိသော ရလဒ်တွေကိုရရှိလာနိုင်ကြောင်း၊ ချစ်ခြင်းမေတ္တာမှာ ရိုးသားဖြောင့်မတ်ဖို့လိုအပ်ကြောင်း၊ မိမိကိုယ်ကို လက်ခံနိုင်သောသတ္တိရှိမှသာ တစ်ပါးသူကိုလည်း အရှိအတိုင်း လက်ခံနိုင်မည်ဖြစ်ကြောင်း၊ ချစ်ခြင်းမေတ္တာတွင်စကားလုံးများလည်းလိုအပ်ကြောင်း၊ စကားလုံးမပါဘဲ ငြင်းခုံခြင်းများ မပြေလည်နိုင်ပါ၊ မကျေနပ်မှုများဖော်ထုတ်မပြနိုင်ပါ၊ ဘဝ၏အဓိပ္ပါယ်များဝေမျှ ခံစားနိုင်ရန် အခွင့်အလမ်းများလည်း ဆုံးရှုံးနိုင်ကြောင်း၊ ချစ်ခြင်းမေတ္တာသည် နှလုံးသားထဲက ရာသီဥတုတစ်ခုသာဖြစ်ကြောင်း ဆွေးနွေးပြီးနောက် တက်ရောက်လာကြသော စာပေဝါသနာရှင်များမှလည်း စာအုပ်ပါအကြောင်းအရာများဖြင့် ဖြည့်စွက်ဆွေးနွေးကာ အတွေးအမြင်ဗဟုသုတများကို ဖလှယ်ခဲ့ကြကြောင်း သိရသည်။

ခန့်စည်သူဝင်း(ပြန်/ဆက်)