မိတ္ထီလာမြို့နယ် ခေတ်မီစံပြကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ ဖေဖော်ဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ပျော်ကုန်းကျေးရွာတွင် ခေတ်မီစံပြကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပျော်ကုန်းကျေးရွာ၌ ခေတ်မီစံပြကျေးရွာစီမံကိန်းဆောင်ရွက်လျက်ရှိသည်၊ ၎င်း ခေတ်မီစံပြကျေးရွာ စီမံကိန်းဆောင်ရွက်ရာတွင် အရှည်ပေ ၆၀၀၊ အကျယ် ၁၂ ပေ ၊ ထု ၆လက်မရှိ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊  စိုက်ပျိူးရေးအတွက် အလျား ပေ ၂၉၀ ၊ အနံ ပေ ၈၀ ၊ အနက် ၆ ပေရှိ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း၊ ကျေးရွာတွင်းစွန့်ပစ်အမှိုက် စနစ်တကျစွန့်ပစ်နိုင်ရေး အမှိုက်ကန်တူးဖော်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း၊ ကျေးရွာသူကျေးရွာသားများ စာပေ လေ့လာဖတ်ရှုနိုင်ရေး ကျေးရွာစာကြည့်တိုက်တွင် စာအုပ်စင်နှစ်စင်၊ သုတရသစာအုပ် ၈၀ အုပ်နှင့် Wireless Wifi (22Mbps) တပ်ဆင်ခြင်းလုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄ခုနှစ် စက်တင် ဘာလ ၁၂ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းများ မှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။

အဆိုပါစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြည့်ရှု ခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)