မြစ်သား ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် လုံခြုံရေးနှင့်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်အတွက် မြစ်သားမြို့မစျေးနှင့်ကူမဲမြို့မစျေးတို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် (၉) နာရီအချိန်က လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြပွဲနှင့် အသိ ပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့နောက် ကူမဲမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်က လက်တွေ့မီးငြှိမ်းသတ်မှုသရုပ်ပြပွဲနှင့် အသိပညာပေးဟောပြောရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဘိုဘိုအောင်က မီးလောင်မှုဖြစ်ပွား သည်ကို မိမိတို့ ပတ်ဝန်းကျင်တွင်တွေ့ရှိပါက စိုးရိမ်ထိတ်လန့်မှုမရှိဘဲ အေးဆေးတည်ငြိမ်စွာ မီးငြှိမ်းသတ်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်သင့်ကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့ မီးငြှိမ်းသတ်မှုကို သရုပ်ပြသွားမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဆီမီးလောင်မှုအား မီးငြှိမ်းသတ်မှုကို လက်တွေ့သရုပ်ပြရှင်းလင်းခဲ့ပြီး မီးသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်သရုပ်ပြခြင်းကို သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ စည်ပင်သာယာရေးရုံးမှ ဝန်ထမ်းများနှင့် မြစ်သားမြို့ မြို့မစျေးနှင့်ကူမဲမြို့ မြို့မစျေးအတွင်းရှိ စျေးသူ၊စျေးသားများက ပူးပေါင်း လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းနှင့် လက်တွေ့သရုပ်ပြ ပူးပေါင်းလေ့ကျင့်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဘိုဘိုအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်နှင့် တပ်ဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိုးအောင်၊ ကူမဲမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်နှင့်စျေးသူ၊ စျေးသားများတက်ရောက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရသည်။
ဝင်းမင်းထွန်း (မြစ်သား)