နမ့်စန်(တ) ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေးအတွက် မြို့ပေါ်ရှိအခြေခံပညာကျောင်းများ၊ ဈေးများ၊ စက်မှုလက်မှုလုပ်ငန်းများအား အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီက စက်သုံးဆီအရောင်းဆိုင်များကို မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ အဖွဲ့ဝင် ဦးဇေယျာဟန်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ကွင်းဆင်း၍ မီးလောင်မှုဖြစ်စဉ်များ လျော့နည်းစေရေးနှင့် မီးလောင်မှုကြောင့် အသက်အန္တရာယ်ထိခိုက်သေဆုံးမှု မဖြစ်ပေါ်စေရေးအတွက် အကြံပြုချက်များနှင့် လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြား၍ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေးစနစ်များ ပြည့်စုံစွာတပ်ဆင်ထားရှိရေး၊ လျှပ်စစ်သွယ်တန်းသုံးစွဲမှုစနစ်တကျဖြစ်စေရေးတို့ကို စစ်ဆေးခဲ့ကာ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးသည့်လုပ်ငန်းနှင့်အတူ စက်သုံးဆီဆိုင်၊ သိုလှောင်ရုံ /သိုလှောင်ကန်ကြီးများ မီးလောင်မှုသည် ဆုံးရှုံးမှုတန်ဖိုး လွန်စွာများပြားခြင်း၊ မီးငြှိမ်းသတ်ရန်ခက်ခဲခြင်း၊ မီးငြှိမ်းသတ်ရန် အမြှုပ်ဆေးရည်များစွာလိုအပ်ခြင်း၊ အချိန်ကြာမြှင့်စွာ မီးငြှိမ်းသတ်ရခြင်းကြောင့် မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရန် မီးသတိမူရေးတို့ကို ပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)