မုဒုံမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဥပဒေအသိပညာပေးဟောပြောပွဲကျင်းပ

မုဒုံ ဖေဖော်ဝါရီ ၁၉

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (မုဒုံမြို့) တွင် ဥပဒေအသိပညာပေး ဟောပြောပို့ချခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။

အဆိုပါ ဟောပြောပွဲတွင် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့်အပြင် နိုင်ငံသားတိုင်းအနေဖြင့် သိရှိလိုက်နာစောင့်ထိန်းကြရမည့် သတ်မှတ်ပြဋ္ဌာန်းချက် ကျင့်စဥ်ကြီးတစ်ခုပင်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ထုတ်ပြန်ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေကို လေးစားလိုက်နာကြပြီး ဥပဒေနှင့်ငြိစွန်းနိုင်သည့် ကိစ္စရပ်များကို အထူးအလေးထား ရှောင်ရှားကြရမည်ဖြစ်ကြောင်း၊ ဥပဒေအသိပညာပြန့်ပွားရခြင်းမှာ နိုင်ငံသားတိုင်း ဥပဒေအသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် ဥပဒေအသိအမြင်ရှိသူများ ပိုမိုပေါ်ထွန်းလာစေရေးတို့အတွက် ဥပဒေအသိပညာ ဗဟုသုတများဖြစ်ပွားစေမည့် ဥပဒေဆိုတာ ဘာလဲ၊ တရားဥပဒေအရေးကြီးပုံ၊ ကျင့်ဝတ်၊ စည်းကမ်း၊ ဓလေ့ထုံးစံ၊ ဥပဒေအမျိုးအစားများအကြောင်း၊ ကမ္ဘာကြီးတွင် ဥပဒေအရေးပါမှု၊ သိမှတ်ဖွယ်ရာ ဥပဒေရေးရာအဖြာဖြာတို့ကို ရုပ်ပြသရုပ်ဖော်ရုပ်ပုံများအကြောင်း၊ ဥပဒေပြုခြင်း၊ ဥပဒေပြဋ္ဌာန်းခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် အကြောင်းတို့ကို အသိပညာပေး ပြောကြားခဲ့သည်။ ဟောပြောပွဲသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် နည်းပြဆရာမများ၊ သင်တန်းသူများ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)