SMART ကိုယ်ပိုင်အထက်တန်းကျောင်းတွင် မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်နည်းများကိုလက်တွေ့ပူးပေါင်းဆောင်ရွက်

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန့်မြင့်နှင့် အဖွဲ့ဝင်များသည်၊ ကျောင်းများ မီးဘေးလုံခြုံရေး အသိပညာပေး စစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀) နာရီက မြို့မတောင် ရပ်ကွက်ရှိ SMART ကိုယ်ပိုင်အထက်တန်းကျောင်းတွင် မီးဘေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်က SMART ကိုယ်ပိုင်ကျောင်းမှ တာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူလေးများအား စုဝေးခန်းမတွင်တွေ့ဆုံ၍ မီးလောင်မှုဖြစ်ပွားတတ်သည့် အကြောင်းအရင်းများနှင့် မီးလောင်မှုမီးလန့်မှုဖြစ်ပွားပါက အစောတလျင် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းရှေ့ ကစားကွင်း တွင် ကျောင်းသား/ကျောင်းသူလေးများနှင့် ကျောင်းတာဝန်ရှိသူများအား ဆီမီးလောင်မှုအား အလွယ်တကူ ငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး အသုံးပြုမီးငြှိမ်းသတ်နည်းများကို လက်တွေ့ပြသပြီး ကျောင်းသား/ ကျောင်းသူလေးများ ကိုယ်တိုင် ပါဝင်လုပ်ဆောင်စေသည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့ဝင်များသည် ကျောင်းအုပ်ချုပ်မှုရုံးခန်းနှင့် စာသင်ဆောင်များတွင် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်စစ်ဆေးကြပြီး လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)