ကျောက်ဆည် ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ (၁)နာရီက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက သဘာဝပတ်ဝန်းကျင်ကောင်းမွန်စေရေးသည် တစ်ဦးတစ်ယောက်ဖြင့် လုပ်ဆောင်၍ မရနိုင်ကြောင်း၊ ကျောင်းသား/ကျောင်းသူများ၊ ပြည်သူများအားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း၊ စက်ရုံများနှင့် မော်တော်ယာဉ်များမှ ထွက်ရှိသော မီးခိုငွေ့များ၊ ရေဆိုးများနှင့် လူတို့၏ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ ရှိလာနိုင်သောကြောင့် မိမိကိုယ်တိုင်ကစပြီး မိမိပတ်ဝန်းကျင်နေရာများကို သန့်ရှင်းသပ်ရပ်စွာနေထိုင်သွားကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဦးစီးအရာရှိဒေါ်ခင်နှင်းရီက စည်းကမ်းသည် လူ၏တန်ဖိုးဆိုသည့်အတိုင်း ကျောင်းသား/ကျောင်းသူများအနေဖြင့် စည်းကမ်းပြည့်ဝသည့်စံပြလူငယ်များဖြစ်အောင် နေထိုင်သွားကြစေလိုကြောင်းနှင့် လေထုညစ်ညမ်းမှုများ၊ သစ်တောပြုန်းတီးမှုများ၊ တောမီးလောင်ခြင်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်များ ဖြစ်ပေါ်လာပြီး လူသားတို့၏ကျန်းမာရေးများ ထိခိုက်ခြင်း၊ အပင်နှင့်တိရစ္ဆာန်များ၏ အသက်ရှင်နေထိုင်မှုအပေါ် ထိခိုက်မှုများဖြစ်ပေါ်ခြင်း၊ ရာသီဥတုများပြောင်းလဲလာခြင်းကြောင့် ပြည်သူများအားလုံးပူးပေါင်းပြီးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်သွားကြစေရေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသည့်ကျောင်းသား/ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်များ၊ အရွယ်မရောက်သေးသည့် ကလေးငယ်များ စစ်မှုထမ်းခြင်းမှကာကွယ်ရေး၊ ကလေးအလုပ်သမား ပပျောက်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ် ရေးအသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)