ဟိုပုံးမြို့နယ်တွင် ဖွင့်လှစ်မည့် နွေရာသီအခြေခံအားကစားနည်းသင်တန်း သင်တန်းသားရရှိစေရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဟိုပုံး ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာပျော်ရွှင်ကာ အားကစားကဏ္ဍဖွံ့ဖြိုးပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်မည့် နွေရာသီအခြေခံအားကစားနည်းသင်တန်း သင်တန်းသားရရှိစေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အမှတ် (၁) အခြေခံပညာအထက်တန်း‌ကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဒေသအဆင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထိုက်က နွေရာသီအခြေခံအားကစားသင်တန်းအား မတ်လ (၁)ရက်နေ့မှ မတ်လ (၂၀)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး မြို့မအားကစားကွင်းတွင် ဘော်လုံး၊ ပိုက်ကျော်ခြင်းအားလည်းကောင်း၊ ကျောက်တိုင်ကွင်းတွင် ဘော်လီဘောအားလည်းကောင်း၊ သာသနာ့ဗိမာန်တွင် စားပွဲတင်တင်းနစ်အားလည်းကောင်း၊ ပေါင်လင်းစက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း၊ ခရစ်ကတ် စသည့်အားကစားနည်းများကိုလည်းကောင်း သက်ဆိုင်ရာနည်းပြဆရာများဖြင့် စနစ်တကျလေ့ကျင့်သင်ကြားပေးမည့် အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဝင်းခိုင်ဦးက သင်တန်းတက်ရောက်လိုသည့် ကျောင်းသားများအနေဖြင့် စာရင်းပေးသွင်းရမည့် နည်းလမ်းများအား အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့သည်။

ထို့အပြင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ပေါင်လင်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ အမှတ် (၃)အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် ထူးမြတ်အိမ် ကိုယ်ပိုင်အထက်တန်း‌ကျောင်းတို့တွင်လည်း နွေရာသီအခြေခံအားကစားနည်းသင်တန်းသား၊ သင်တန်းသူရရှိစေရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း ဒေသအဆင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထိုက်ထံက သိရသည်။

ခရိုင် (ပြန်/ဆက်)