သုံးခွမြို့မစျေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး၊ သရုပ်ပြဇာတ်တိုက်လေ့ကျင့်

သုံးခွ ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်စည်ပင်သာယာရေးအဖွဲ့မြို့မစျေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေးအတွက် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီက မြို့မဈေးရှေ့တွင်ကျင်းပခဲ့ကြောင်းသိရှိရသည်။

ပထမဦးစွာ မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ မီးငြှိမ်းသတ်ယာဥ်နှစ်စီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဥ်တစ်စီးတို့ဖြင့် မီးငြှိမ်းသတ်ခြင်းကို လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရှိရသည်။ ထို့နောက် မီးပေါ့ဆမှုကြောင့် သာမန်မီးလောင်မှု၊ လောင်စာဆီ၊ အခြားမီးလောင်မှုများနှင့်ကြုံတွေ့ပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန် မီးသတ်ဆေးဘူးအသုံးပြုပုံနည်းစနစ်ကို မြို့နယ်မီးသတ်စခန်းမှူး၊ ဒုမီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်က ဟောပြောရှင်းလင်းပြသသည်။

ဆက်လက်၍ စျေးသူစျေးသားများက မီးသတ်ဆေးဘူးဖြင့် စနစ်တကျအလွယ်တကူမီးငြှိမ်းသတ်နည်း၊ ဂက်(စ်)မီးဖိုယို့စိမ့်မှု၊ ပိုက်ပေါက်မှုကြောင့် မီးလောင်မှုဖြစ်ခြင်းအား မီးငြှိမ်းသတ်နည်းကို လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါသို့ မီးဘေးကြိုတင်ကာကွယ်ရေး၊ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးတင်မျိုးလွင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၊ ဦးကျော်စိုးမိုး၊ စျေးအကျိုးတော်ဆောင်အဖွဲ့နှင့် စျေးသူစျေးသားများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

စည်သူလင်း ပြန်/ဆက်