ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် Youth Club နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်

ဒေါပုံ ဖေဖော်ဝါရီ ၁၉

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ပြည်သူများ စာပေဖတ်ရှုလိုစိတ်မြင့်မားလာစေရန်နှင့် စာပေဆွေးနွေးတတ်သည့် အလေ့အထများဖော်ဆောင်နိုင်စေရန် ရည်ရွယ်၍ Youth Club နှင့်ပူးပေါင်းကာ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က စာဖတ်ဝိုင်းကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒေါပုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ချစ်စုဝေက စာဖတ်ဝိုင်းများကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူ Youth Club အဖွဲ့ အဖွဲ့ဝင် အ.ထ.က(၁)ကျောင်းမှ မဝေလွင်ကိုက စာရေးဆရာအောင်သင်းရေးသားသော ရည်မှန်းချက်နှင့်ပြဿနာအထွေထွေစာအုပ်ဖြင့် လူသားတိုင်းသည် အောင်မြင်မှုကို ရှာဖွေကြရာတွင် အခက်အခဲနှင့်ပြဿနာများသည် စိန်ခေါ်မှုတစ်ရပ်အဖြစ် ရောက်ရှိလာမှာဖြစ်သည့်အတွက် ကြံ့ကြံ့ခံရင်ဆိုင်ခြင်းဖြင့် အောင်မြင်မှုကို ရရှိနိုင်ကြောင်းစသည့်အချက်များနှင့်ပတ်သက်၍ ဖတ်ကြားဆွေးနွေးခဲ့ပါသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော Youth Club အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူများက စာအုပ်ပါအကြောင်းအရာများအပေါ် ရှုထောင့်အမျိုးမျိုးမှ သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)