လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ဝိုင်းကျင်းပ

လမ်းမတော် ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (Book Club) စာပေချစ်မြတ်နိုးသူများမှ စာရေးဆရာအောင်သင်းရေးသားသည့် "နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ" စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် အမိမြေသစ္စာသတင်းစုံဂျာနယ်မှ အယ်ဒီတာချုပ် ဦးသူရဇော်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ စာရေးဆရာမတင့်တယ်ခင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သဥ္ဇာဝင်းပြည့်တို့မှ မုဒိတာစကားများပြောကြားကြပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် စာပေဖတ်ရှုခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများတို့ကို ရှင်းလင်းပြောကြား ဆွေးနွေးသည်။

ထို့နောက် စာပေဝါသနာရှင်များက စာရေးဆရာအောင်သင်းရေးသားသည့် နှလုံးသားကိုလေးပေါ် တင်၍ ပစ်သောအခါစာအုပ်မှ "စာတတ်ဖို့ စာဖတ်ဖို့"ဆောင်းပါးကို အကျယ်တဝင့် ဆွေးနွေးခဲ့ပြီး Book Clubအဖွဲ့ဝင်များက ပြန်လည် ဆွေးနွေးခဲ့ကြသည်။

စာဖတ်ဝိုင်းသို့ လမ်းမတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးကိုကိုဖြိုး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သဥ္ဇာဝင်းပြည့်နှင့်အဖွဲ့ဝင်များ၊ Book Club အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး Book Club စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့်အသိပညာပေး ဆွေးနွေးပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်