လသာ ဖေဖော်ဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းခေါ်ယူရေးကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများအား အသိပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက သံစျေး၊ စျေးတာဝန်ခံရုံးခန်းတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောက်တံတားခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးစံကျော်က အဖွင့်အမှာစကားကိုလည်းကောင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်နှင့် လသာမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းတို့ က ပြည်သူ့စစ်မှုတမ်းဥပဒေနှင့် နည်းဥပဒေပါအချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ဆွေးနွေးပွဲကိုပြုလုပ်ရခြင်းဖြစ်ကြောင်းကိုလည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်၊ မြို့နယ်ဥပဒေအရာရှိက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေပါ အချက်များကိုလည်းကောင်း ပြည်သူများ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်စေရန် အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များက သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ ကျောက်တံတားခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ စျေးတာဝန်ခံများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စားရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ပြန်/ဆက်)