ပေါင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပေါင် ဖေဖော်ဝါရီ ၁၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထင်လင်းအောင်က ‌ပေါင်မြို့နယ်အနေဖြင့် မီးခိုးမြူငွေ့ပြဿနာများကို ရှောင်ရှားနိုင်ရန်အတွက် တောမီးလောင်ကျွမ်းမှုမရှိစေရေး ဂရုစိုက်ကြပါရန်၊ ဌာနဆိုင်ရာများအနေဖြင့် မိမိရုံးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်စေလိုပါကြောင်း၊ မိမိမြို့ရွာဖွံ့ဖြိုးတိုးတက်စေရန် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အားကြိုးမာန်တက်ကြိုးစားပြီး ပူးပေါင်းဆောင်ရွက်ကြပါရန် ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးကျော်နိုင်ဦးက လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိလုံခြုံရေးကို ဂရုစိုက်ဆောင်ရွက်ကြရန်၊ အဖွဲ့ဝင်ဦးကျော်လင်းဦးက လုပ်ငန်းများလုပ်ဆောင်ရာတွင် အချိန်မီပြီးစီးအောင် ဌာနအလိုက် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်းနှင့် အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးက ယခုအချိန်တွင်သန်းခေါင်စာရင်း မြေပြင်ကောက်ယူစစ်ဆေးနေသည့်အတွက် ပြည်သူများအားလုံးပူးပေါင်းဆောင်ရွက်ပေးကြပါရန် ပြောကြားဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက သိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်တို့က ပြန်လည်ဖြေကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)