ဒလ ဖေဖော်ဝါရီလ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲအောင် သံဃာတော်များ အောင်လက်မှတ်နှင့် စာအောင်ဆုများဆပ်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကမာကဆစ်ရပ်ကွက်၊ အလယ်ကျောင်းပရိယတ္တိစာသင်တိုက် ထေရဝါဒဗုဒ္ဓစင်တာ သုံးထပ်ကျောင်းတော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာသည့်ဆရာတော်၊ သံဃာတော်များနှင့်ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ကြပြီး အလယ်ကျောင်းပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဂုဏ်ထူးဆောင်ဒေါက်တာ ဘဒ္ဒန္တဣန္ဒကသာရာဘိဝံသ ဆရာတော်ဘုရားထံမှ အနုမောဒနာတရားနှင့် ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်၊ သံဃာတော်၊ အရှင်သူမြတ်များက ပရိတ်တရားတော်များ ချီးမြှင့်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်က သာသနာရေးဆိုင်ရာများလျှောက်ထားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်နှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပင့်သံဃာတော်များအား လှူဖွယ်၀တ္ထုများ ဆပ်ကပ်လှူဒါန်းခြင်းနှင့် အစိုးရပါဠိပထမပြန် စားမေးပွဲစာအောင် သံဃာတော်(၃၂)ပါးအား စာအောင်လတ်မှတ်နှင့်စာအောင်ဆုများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် အလယ်ကျောင်းပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက အဂ္ဂမဟာဂန္ထဝါစက္ကပဏ္ဍိတ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဂုဏ်ထူးဆောင် ဒေါက်တာဘဒ္ဒန္တဣန္ဒကသာရာဘိဝံသမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြသည်။
ခင်စန္ဒာမြင့် (ပြန်/ဆက်)