မော်လမြိုင် ဖေဖော်ဝါရီ ၁၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ ယမန်နေ့မွန်းလွဲပိုင်းက သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာပြည်နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးကို မော်လမြိုင်မြို့ ပရိယတ္တိဓမ္မာဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အစည်းအဝေးကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး သဘာပတိနိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင်ဆရာတော် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အတုလရန်အောင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက(အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တကောသလ္လက အဖွင့်ဩဝါဒကထာ မြွက်ကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက သာသနာရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားတင်ပြကာ အခမ်းအနားမှူးဆရာတော်က အနားယူခြင်းဆိုင်ရာလုပ်ငန်းစီမံချက်အရ အနားယူသောဆရာတော်များ၏ ဘွဲ့အမည်စာရင်းကိုကြေညာခြင်း၊ ပြန်လည်ရွေးချယ်နိုင်ရန်အတွက် မူလသတ်မှတ်ထားသည့် သက်ဆိုင်ရာနယ်မြေအလိုက် ဆရာတော်များက အမည်စာရင်းတင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် ရွေးချယ်ခြင်းများကို သံဃာအဖွဲ့အစည်းအခြေခံစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ သဘာပတိဆရာတော်က အစားထိုးရွေးချယ်ခံရသည့် ဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို ပြည်နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးသို့ တင်သွင်းပြီး သာဓုသုံးကြိမ်ရွတ်ဆို၍ အတည်ပြုခြင်း ဆောင်ရွက်ခဲ့ပြီး သဘာပတိဆရာတော်မှ နိဂုံးချုပ်ဩဝါဒစကားမြွက်ကြားကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)