မော်လမြိုင် ဖေဖော်ဝါရီ ၁၉
မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် မွန်ပြည်နယ်၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှ ကြီးမှူးကျင်းပသည့် လုပ်ငန်းခွင်အသုံးချကွန်ပျူတာအခြေခံသင်တန်းများ၊ အုတ်စီနှင့်ပန်းရံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ စမ်းကြီးရပ်၊ လူငယ်သင်တန်းကျောင်း၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
ဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ နာယက၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် မွန်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီက ဖွင့်လှစ်သည့် လုပ်ငန်းခွင်အသုံးချ ကွန်ပျူတာအခြေခံသင်တန်း၊ အုတ်စီနှင့် ပန်းရံသင်တန်း ဖွင့်ပွဲအခမ်းအနားဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ဒုတိယ (၅) နှစ် (၂၀၂၄-၂၀၂၈ ခုနှစ်) တွင် အသက် (၁၄) နှစ်အောက်၊ အသက် (၁၄) နှစ်နှင့် အသက် (၁၈) နှစ်အကြား ကလေးအလုပ်သမားများရှိသည့် စက်မှုကုန်ထုတ်ကဏ္ဍ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကဏ္ဍစသည့် ကဏ္ဍ (၂) ခုကိုဦးစားပေး၍ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄) ခုတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက် ပထမ (၅) နှစ် စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးနောက် အားသာချက်၊ အားနည်းချက်များ၊ ရရှိလာမည့် အကျိုးကျေးဇူးများကို သုံးသပ်၍ ယခုအခါ ဒုတိယ (၅) နှစ် စီမံချက် (၂၀၂၄-၂ဝ၂၈) ခုနှစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ သက်မွေးသင်တန်းများ တက်ရောက်ပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်မှာဖြစ်ပြီး သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်များရရှိလာနိုင်မှာဖြစ်၍ လုပ်ငန်းခွင်အသုံးချ ကွန်ပျူတာအခြေခံသင်တန်း၊ အုတ်စီနှင့် ပန်းရံသင်တန်းများသို့ တက်ရောက်သည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ယူတတ်မြောက်သည့် ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထားရသော အရည်အချင်း ပြည့်ဝသော ကျွမ်းကျင်လုပ်သားများ ဖြစ်စေလိုပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းဆပ်ကော်မတီ အတွင်းရေးမှူး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စုစုလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများနှင့် အမှတ်တရဓာတ်ပုံရိုက်ကူး၍ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ သင်ထောက်ကူပစ္စည်းများခင်းကျင်းပြထားမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ လုပ်ငန်းခွင်အသုံးချကွန်ပျူတာအခြေခံသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး၊ အုတ်စီနှင့်ပန်းရံသင်တန်းကို သင်တန်းသား (၂၀) ဦးဖြင့် သင်တန်းကာလ (၁) လကြာ စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)