မင်္ဂလာတောင်ညွန့် ဖေဖော်ဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌(Book Club)အဖွဲ့မှ စာရေးဆရာမခင်စောတင့်ရေးသားသည့် “ဘဝအသစ်ရဲ့အစများ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြတ်မြတ်အေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးတို့ကို ရှင်းလင်းပြောကြားဆွေးနွေးပါသည်။ ထို့နောက် (Book Club)အဖွဲ့မှ ဒေါ်စန်းကြည်ကစာရေးဆရာမခင်စောတင့် ရေးသားသည့် ဘဝအသစ်ရဲ့အစများစာအုပ်မှ စိတ်ဓာတ်ကြံ့ခိုင်တဲ့သား၊ သမီးတွေဖြစ်ဖို့နှင့် အကောင်းဆုံးအရည်အသွေးကိုရယူနိုင်ဖို့ ခေါင်းစဉ်များအကြောင်းကို အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး မလင်းလက်ရတီထွန်းနှင့် မဝင်းသီတာအောင်တို့က ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်လူထုအခြေပြုဗဟိုဌာနမှ ပြည်သူများအသိပညာ ဗဟုသုတများတိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့်အသိပညာပေးဆွေးနွေးပွဲ များကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)