တွံတေး ဖေဖော်ဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ပူပြင်းခြောက်သွေ့သည့် နွေရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များပျက်စီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးဘေးကြိုတင်ကာကွယ်ရေး ပူးပေါင်းအဖွဲ့မှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးသတိမူရေး၊ အသိပေးနှိုးဆော်ခြင်းနှင့် လိုက်လံစစ်ဆေးဆောင်ရွက်ခြင်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က(၁)နှင့်အ.ထ.က(၂)စာစစ်ဌာနတို့တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးလင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်နိုင်ထွန်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်ခင်မြချို၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာနမှ ဦးရဲစည်သူအောင် (SAE)နှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီးများက တွံတေးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနဖြစ်သည့် အ.ထ.က(၁)တွံတေး၊ အ.ထ.က(၂)မြို့မ တွံတေးကျောင်း၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ကျောင်းအတွင်းအပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများ၊ ရေလှောင်ကန်များတွင် ရေများအဆင့်အသင့်ရှိစေရေး၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှုများ စနစ်တကျရှိစေရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရန်အချက်များကို စစ်ဆေးခဲ့ကြသည်။ ထို့နောက် ပူးပေါင်းအဖွဲ့မှ စာစစ်ဌာန(၂)ခုအားလိုက်လံစစ်ဆေးရာ မီးလန့်၊ မီးလောင်မှုဖြစ်ပွားလာပါက ကနဦးမီးငြှိမ်းသတ်ရေးဖြစ်သည့် မီးသတ်ဆေးဘူး၊ ရေပုံး၊ သဲပုံးနှင့်မီးချိတ်မီးကပ်များ လွယ်ကူစွာထားရှိနိုင်ရေး ဆောင်ရွက်ထားရှိရန်၊ ဟောင်းနွမ်းလျှပ်စစ်မီးကြိုးများ၊ ပျက်စီးနေသော မီးခလုတ်များအား ပြုပြင်မွမ်းမံထားရန် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် မီးဘေးကြိုတင်ကာကွယ်ရေအတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်း၍ တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း မီးဘေးအန္တရာယ်စိုးရိမ်ရသောနေရာများသို့ မီးဘေးစစ်ဆေးဆောင်ရွက်ခြင်းအား အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တွံတေးသား