ရပ်စောက်မြို့၌ တိရစ္ဆာန်အစာပင် စိုက်ပျိုးကျွေးမွေးခြင်း၊ မြက်ချဉ်ဖက်ပြုလုပ်ခြင်းနှင့် ကောက်ရိုးပြုပြင် ကျွေးမွေးခြင်းသင်တန်းဖွင့်လှစ်

ရပ်စောက် ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ မကျီးကုန်းကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အာဟာရပြည့်ဝသော တိရစ္ဆာန် အစာဖူလုံရန် ထုတ်လုပ်မှုမြင့်မား‌စေရနရန်၊ အရည်အသွေးကောင်းမွန်သော တိရစ္ဆာန်အစာပင်များစိုက်ပျိုး၍ လုံလောက်စွာကျွေးမွေးခြင်းဖြင့် တိရစ္ဆာန်များကျန်းမာပြီး ထုတ်လုပ်မှုမြင့်မားလာစေရန်၊ မွေးမြူရေးလုပ်ငန်းများအတွက် အကျိုးအမြတ်ပိုမိုရရှိစေရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တိရစ္ဆာန်အစာပင် စိုက်ပျိုးကျွေးမွေးခြင်း၊ မြက်ချဉ်ဖက်ပြုလုပ်ခြင်းနှင့် ကောက်ရိုးပြုပြင် ကျွေးမွေးခြင်းသင်တန်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကြာအင်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တောင်ကြီးခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာ နေလင်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစိးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါက်တာ မင်းဇော်က ကောက်ရိုးပြုပြင် ကျွေးမွေးနည်းစနစ်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကောက်ရိုးပြုပြင်ကျေးမွေးခြင်းနည်းစနစ်အား လက်တွေ့သရုပ်ပြသ ဆောင်ရွက်ခဲ့သည်။

အဆိုပါ သင်တန်းကို ဖေဖော်ဝါရီလ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် သင်တန်းဖွင့်ပွဲသို့ ခရိုင်ဦးစီးမှူး ဒေါက်တာနေလင်း၊ မြို့နယ်ဦးစီးမှူး ဒေါက်တာ မင်းဇော်နှင့် ဝန်ထမ်းများ၊ မကျီးကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)