ရွာငံမြို့နယ်တွင် ဈေးကွက်အာမခံချက်ရှိသောကြောင့် အစေ့ကြားကြက်ဆူတောင်သူများ တိုးချဲ့စိုက်ပျိုးလာ

ရွာငံ ဖေဖော်ဝါရီ ၁၉

ရွာငံမြို့နယ်ရှိ တောင်သူများသည် အခြားသီးနှံများထက် စီးပွားရေးတွက်ခြေကိုက်သောကြောင့် အစေ့ကြားကြက်ဆူများကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြကြောင်း တောင်သူများထံမှ သိရသည်။

အစေ့ကြားကြက်ဆူမှာ ယခင်မြန်မာနိုင်ငံမှာ စိုက်ပျိုးခဲ့သော ခြံစည်းရိုးကြက်ဆူနှင့် လုံး၀မတူဘဲ အထွက်နှုန်းမြှင့် ကြက်ဆူမျိုးဖြစ်သည်။

အစေ့ကြား ကြက်ဆူများကို မိုးဦးအစော တန်ခူးလနှင့် ကဆုန်လများတွင် ပင်ကြား၊ တန်းကြား၊ သုံးပေ-နှစ်ပေမှ လေးပေ-ငါးပေစနစ်ဖြင့် စိုက်ပျိုးနိုင်သည်။ ရေဓာတ်ကောင်းမွန်စွာ ရရှိရန်လိုအပ်သော်လည်း ပင်ခြေရေဝပ်ခြင်းကို မကြိုက်ပေ။ အပင်စိုက်ပျိုးပြီး တပို့တွဲလတွင် အပင်ဂွခိုင်အသီးဦးများ စတင်ခူးဆွတ်နိုင်ပြီး တပေါင်း၊ တန်ခူး၊ ကဆုန်လများအထိ ကြက်ဆူသီးများ ခူးယူရရှိသည်။ ဈေးကွက်ရှိပြီး စိုက်ပျိုးကုန်ကျစရိတ် သက်သာသောကြောင့် အခြားသီးနှံများထက် စီးပွားရေးတွက်ခြေကိုက်ကြောင်း သိရသည်။

တစ်ဧကလျှင် အနည်းဆုံး ပိဿာချိန် (၉၅၀)ခန့်ထွက်ရှိပြီး  နွားချေး၊ ကြက်ချေးနှင့် မြေဆီလွှာကောင်းမွန်သောမြေများတွင် ပြုစုပျိုးထောင်မှုကောင်းပါက တစ်ဧကလျှင် ပိဿာချိန် (၁၅၀၀) ခန့်အထိ ထွက်ရှိနိုင်သည်။ ယခုလက်ရှိ အစေ့ကြားကြက်ဆူ တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ ဈေးကွက်ရှိသည်။ တစ်ဧကလျှင်အကျိုးအမြတ် ငွေကျပ် သိန်း ၃၀ မှ  ၄၅ သိန်းအထိ ရရှိနိုင်ကြောင်း သိရသည်။   

ရွာငံမြို့နယ်တွင် အစေ့ကြားကြက်ဆူများကို တောင်ဦး၊ တဲလု၊ ဆတ်ခြံ၊ ဂွေးပင်၊ တောင်ပို့ခေါင်း၊ ညောင်အိုင်အုပ်စု၊ လယ်ကိုင်းအုပ်စု၊ ယုံတောင်၊ ဒုတ္ထိုးရေ၊ တက်တောင် ၊ ရွာဆိုးကြီးနှင့် စခန်းကြီး ကျေးရွာများတွင် စီးပွားဖြစ် များများ စိုက်ပျိုးကြသည်။

တောင်သူများအနေဖြင့် ကုန်ကျစရိတ်သက်သာပြီး လုပ်အားနည်းသော အစေ့ကြားကြက်ဆူများကို ဈေးကွက်အာမခံချက်ရှိသောကြောင့် တိုးချဲ့စိုက်ပျိုးလာကြ‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)