တွံတေးမြို့နယ်၏ မြန်မာ့ရိုးရာလက်မှုပညာအိုးလုပ်ငန်းမှ အိုးလုပ်ငန်းရှင် ဦးခင်အောင်မြင့်နှင့်တွေ့ဆုံမေးမြန်းခြင်း

တွံတေး ဖေဖော်ဝါရီ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက် (၉) ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် စီးပွားရေးဦးတည်ချက်တွင်ပါဝင်သော တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဆိုသည့် ဦးတည်ချက်ကိုချမှတ်ပြီး တွန်းအားပေး မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ စီးပွားရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းထုတ်လုပ်မှုမြင့်မားရေးအတွက် ဒေသအလိုက်ထွက်ရှိသည့် ကုန်ကြမ်းများကိုအခြေခံကာ အရည်အသွေးကောင်းမွန်သည့် ကုန်ချောများထုတ်လုပ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်ပေးနေသည်။ ထိုအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများတွင် မြန်မာ့ရိုးရာလက်မှုပညာဖြစ်သော အိုးလုပ်ငန်းလည်းပါဝင်ပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိ မြန်မာ့ရိုးရာလက်မှုပညာ အိုးလုပ်ငန်းလုပ်ဆောင်နေမှုအား ပြည်သူအများသိရှိနိုင်ရန် အိုးလုပ်ငန်းရှင် ဦးခင်အောင်မြင့်နှင့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။ တွေ့ဆုံမေးမြန်းထားမှုအပြည့်အစုံကို အောက်ပါအတိုင်း တင်ပြပေးလိုက်ရပါသည်။

မေး။ ဟုတ်ကဲ့၊ မင်္ဂလာပါရှင်။ ဦးအနေနဲ့ အိုးလုပ်ငန်းစတင်တည်ထောင်ဖြစ်ခဲ့ပုံနဲ့ လက်ရှိလုပ်ဆောင်နေတဲ့အနေအထားကိုလည်း သိပါရစေရှင်၊ ပြီးတော့ အခုလက်ရှိအိုးလုပ်ငန်းလုပ်ကိုင်နေတဲ့သူ ဘယ်လောက်ရှိပါသလဲ။

ဖြေ။ ကျွန်တော့်နာမည်က အိုးလုပ်ငန်းရှင်ဦးခင်အောင်မြင့် ဖြစ်ပါတယ်။ လုပ်ငန်းစတင်တာကတော့ နှစ်ပေါင်းတစ်ရာကျော်ပြီပေါ့။ အဘိုးအဘွားလက်ထက်ထဲက ဒီလုပ်ငန်းကိုလုပ်လာတာ အခုဆိုကျွန်တော်က မျိုးဆက်(၃)ဆက်ရှိသွားပါပြီ။ မျိုးဆက်(၃)ဆက်မှာ ရှေးမှာတော့ အလုပ်ရုံလုပ်ငန်းရှင် (၇၀)ဦးလောက်ရှိခဲ့တယ်။ အခုနောက်ပိုင်း အိုးအစားထိုးပစ္စည်းတွေဝင်လာတဲ့အခါမှာ လုပ်ငန်းတွေက ယုတ်လျော့လာပြီးတော့ ထုတ်ကုန်တွေလည်း တော်တော်လေးအထွက်နည်းသွားပါတယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ အိုးရုံတွေပိတ်သိမ်းလိုက်ရတယ်။ လက်ရှိမှာကျန်ခဲ့တဲ့ရုံတွေကတော့ အကြီး၊ အသေး ၄၊ ၅ ရုံလောက်ပဲ ရှိပါတော့တယ်။

မေး။ အိုးလုပ်ငန်းအတွက် လိုအပ်တဲ့ကုန်ကြမ်းကို ဘယ်ဒေသကရပါသလဲရှင်။

ဖြေ။ ကုန်ကြမ်းက အဓိကမြေကြီးပါ။ မြေကြီးနဲ့ပတ်သက်ပြီးတော့ နှစ်မျိုးပေါ့။ မြေကြီးကမြေပြာဆိုတဲ့ မြေစီးတဲ့မြေရယ်၊ မြေဝါဆိုတဲ့ ဖွာတဲ့မြေကြီးရယ်ပါ။ အဲဒီနှစ်ခုကို အချိုးကျကျရောစပ်ရတာပါ။ ရတဲ့နေရာကတော့ သတ်မှတ်ချက်မရှိဘူး။ မြေရမဲ့ ရေကန်တူးတာ၊ မြောင်းတူးတာ၊ မလိုအပ်တဲ့ ကမ်းဘားဖြိုတာတို့ကနေ ကျွန်တော်တို့သုံးလိုရတဲ့မြေကြီးကို ကျွန်တော်တို့ရွေးပြီးတော့ ဝယ်ရပါတယ်။ တစ်ချိန်က ကျွန်တော်တို့ အဘိုး၊ အဘွားတွေပြောတာက ကျွန်တော်တို့အိုးလုပ်ငန်းအတွက် သီးခြားမြေတူးရမဲ့နေရာကို သတ်မှတ်ပေးထားတယ်လို့ ကြားခဲ့ဖူးပါတယ်။ ဘယ်နေရာဆိုတာမသိခဲ့ရဘူး၊ အခက်အခဲနဲ့ မြေကြီးကိုဝယ်ပြီး မိရိုးဖလာအလုပ်ကို လက်ရှိလုပ်ငန်းကျွမ်းကျင်တတ်မြောက်တဲ့ အတတ်ပညာတွေနဲ့ပေါင်းပြီးတော့မှ ရှိတဲ့အနေအထားလေးနဲ့ပဲအဆင်ပြေအောင် လုပ်ဆောင်နေရပါတယ်။

မေး။ ဒီကထွတ်တဲ့ ထုတ်ကုန်တွေကို ဘယ်ဒေသကို အဓိကပို့ဆောင်ဖြန့်ဖြူးနေပါသလဲ။

ဖြေ။ ပို့တဲ့ဒေသတွေက အစတုန်းကအတော်ကျယ်ပြန့်ပါတယ်။ တိုင်ဒေသကြီး/ ပြည်နယ်တွေကို တော်တော်များများဖြန့်ဖြစ်တယ်။ ကုန်သည်တွေကနေတစ်ဆင့် ဖြန့်ဖြူးတာပါ။ ကျွန်တော်တို့ကပင်တိုင်ထုတ်လုပ်တယ်။ ကုန်သည်ကနေတစ်ဆင့် ပြည်နယ်/တိုင်းဒေသအတော်များများကို ဖြန့်ဖြူးကြတယ်။ အခုနောက်ပိုင်းစျေးကွက်က ကျဉ်းမြောင်းသွားတယ်။ အစားထိုးဝင်ရောက်လာတဲ့ ထုတ်ကုန်ပစ္စည်းများကြောင့် အိုးလုပ်ငန်းက တဖြည်းဖြည်းနဲ့ကျဉ်းမြောင်းသွားတာပါ။ အခုလက်ရှိအချိန်ထိကတော့ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနှင့်တနင်္သာရီတို့ကို ပို့ဆောင်နေပါတယ်။

မေး။ အခုဆိုရင် အိုးလုပ်ငန်းလုပ်ဆောင်နေမှုနှင့် ပလတ်စတစ်တွေပုံစံတူအစားထိုး ဝင်ရောက်လာမှုနဲ့ ကုန်ထုတ်စွမ်းအားအခြေအနေလည်းသိပါရစေ။

ဖြေ။ အခက်အခဲရှိတာပေါ့။ ထုတ်ကုန်ထုတ်လုပ်တဲ့ကျွန်တော်တို့ပစ္စည်းမှာလည်း ယုတ်လျော့သွားတယ်။ တချို့ပစ္စည်းအမျိုးအစားတွေဆို လုံးဝပျောက်ကွယ်သွားတယ်။ အခုလက်ရှိမှာတော့ ကျွန်တော်တို့အဓိကထားပြီး ထုတ်လုပ်တာကတော့ သောက်ရေအိုးအမျိုးမျိုး၊ ပန်းစိုက်အိုးအမျိုးမျိုးကို အဓိကထားထုတ်လုပ်ပါတယ်။ ဟိုတုန်းကဆိုရင် ကျွန်တော်တို့အိုးလုပ်လုပ်ငန်းမှာ စဉ့်ထည်တွေ ဒီဇိုင်းအမျိုးမျိုး၊ အရောင်အမျိုးမျိုးရှိပါတယ်။ တွံတေးငရုပ်ဆုံ၊ ဒေါင်ဒေါင်မြည်မှ အိုးဆိုပြီး စဉ့်အိုး၊ ဆယ်ဝန်အိုး နာမည်ကြီးတာတွေ ရှေးကရှိခဲ့ပါတယ်။ ဆီထည့်တဲ့အိုး၊ ဆားထည့်တဲ့အိုး၊ ဆယ်ဝန်အိုး၊ ငရုပ်ဆုံတို့ဆိုရင် တော်ယုံမီးကျက်တာလောက်နဲ့မရဘူး။ သူကတကယ်ကိုမှ အရည်အသွေးပြည့်ပြီး မီးပေါင်မြင့်မြင့်လေးလုပ်ရတာပါ။ စဉ့်ကိုလည်း ကောင်းကောင်းလေးသုံးရတယ်။

အခုနောက်ပိုင်း အစားထိုးပစ္စည်းတွေ ဝင်ရောက်လာတော့ လုပ်ကွက်တွေကျလာတယ်။ စျေးကွက်မရှိတော့တာပေါ့။ အခုလက်ရှိကတော့ သောက်ရေအိုးနဲ့ပန်းစိုက်အိုးပဲ ကျန်တော့တယ်။ ပလတ်စတစ်တွေ အစားထိုးဝင်ရောက်လာတဲ့အခါကြတော့ ထုတ်လုပ်မှုပစ္စည်းအမျိုးမျိုး စျေးကွက်ခက်ခဲသွားတာကြောင့် လက်ရှိကျန်သေးတဲ့လုပ်ငန်းကိုပဲ ထိန်းထိန်းသိမ်းသိမ်းနဲ့ မိရိုးဖလာလုပ်ငန်းကို လုပ်နေကြရပါတယ်။

မေး။ အခုထုတ်ကုန်ဖြစ်တဲ့ အိုးအမျိုးမျိုးရဲ့ပစ္စည်းတန်ဖိုးစျေးနှုန်းကိုလည်း သိပါရစေ။

ဖြေ။ ပစ္စည်းရဲ့စျေးနှုန်းကတော့ ကျွန်တော်တို့ပစ္စည်းရဲ့တန်ဖိုးကိုပြောရမယ်ဆိုရင် ပစ္စည်းက အသေးကနေအကြီးအထိ သူ့စျေးနဲ့သူရှိပါတယ်။ ဟိုတုန်းကဆိုရင် စျေးနှုန်းက သောက်ရေအိုးအကြီးမှ ၂၅၀၀ကျပ်၊ ၃၀၀၀ကျပ် အသေးဆိုရင် ကလေးကစားစရာအိုးပုတ်ဆို ၅ကျပ်၊ ၆ကျပ်ပဲရှိတယ်။ အခုသောက်ရေအိုးအကြီးက ၁၅၀၀၀ကျပ်၊ ၂၀၀၀၀ကျပ်လောက်ရှိတယ်။ အသေးဆိုင်ရင် (ကလေးကစားစရာ) အိုးပုတ်၊ ဆီးမီးခွက်အထိ ၈၀ကျပ်၊ ၁၀၀ကျပ်အထိ ရှိလာတယ်။

မေး။ အိုးတွေကို ခေတ်နဲ့အညီ ပြောင်းလဲထုတ်လုပ်ဖို့ရှိပါသလား။

ဖြေ။ ကျွန်တော်တို့က ကိုယ့်ရိုးရာလုပ်ငန်းဖြစ်နေတဲ့အခါကြတော့ ဒါတွေကို မတိမ်ကောအောင်ထိန်းသိမ်းမယ်။ အိုးလုပ်ငန်းတွေ ဆန်းသစ်ထုတ်လုပ်နိုင်ဖို့ဆိုတာ အဓိကက စျေးကွက်ကလည်း စကားပြောပါတယ်။ စျေးကွက်ရဲ့ဒီဇိုင်းအမျိုးမျိုးအပေါ်မှာလည်း ရင်းနှီးမြုပ်နှံမှုတွေက အများကြီးလိုအပ်ပါတယ်။ အခုက စျေးကွက်ကသိပ်မရှိတော့ ကျွန်တော်တို့လုပ်ငန်းက ကွယ်ပျောက်သလောက်ဖြစ်လာတယ်။ နိုင်ငံတော်ကအသိအမှတ်ပြုတယ်။ နိုင်ငံခြားသားတွေ တွံတေးကိုရောက်ရင် တွံတေးမြို့ရဲ့ထုတ်ကုန်ပစ္စည်းဖြစ်တဲ့ ကျွန်တော်တို့အိုးလုပ်ငန်းပဲရှိတာဆိုတော့ သူတို့လာပြီးလေ့လာတယ်။ အလုပ်သမားတွေအပေါ်မှာလည်း သူတို့မုန့်ဖိုးပေးသွားကြတယ်။ အိုးလုပ်ပညာရှင်တွေကိုလည်း သူတို့လေးလေးစားစားဆက်ဆံကြတယ်။ အမှတ်တရ ဓာတ်ပုံတွေရိုက်ကြတယ်။ ဒီလုပ်ငန်းကို ကျွန်တော်တို့က ပျောက်သွားမှာလည်းစိုးရိမ်တယ်။ လုပ်ငန်းတစ်ခုအပေါ် ဆန်းသစ်တီထွင်ပြီးတော့လုပ်မဲ့ ရင်းနှီးမြုပ်နှံမှုတွေ၊ စျေးကွက်ကျယ်ကျယ်ပြန့်ပြန့်မရှိတာကြောင့် အခုဆိုရင် လုပ်ငန်းကိုခက်ခက်ခဲခဲနဲ့ပဲ လုပ်ဆောင်နေရပါတယ်။

မေး။ ယခုလိုမေးမြန်းသမျှကို စိတ်ရှည်လက်ရှည်နဲ့ဖြေကြားပေးတဲ့ အိုးလုပ်ငန်းရှင် ဦးခင်အောင်မြင့်ကို အထူးပဲကျေးဇူးတင်ပါတယ်။

ဖြေ။ ဟုတ်ကဲ့ ကျွန်တော်ကလည်း ရိုးရာအိုးလုပ်ငန်းအကြောင်း ပြောပြခွင့်ရတဲ့အတွက် မေးမြန်ပေးတဲ့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။

တွံတေးသား