ညောင်ရွှေမြို့၌ မြို့နယ်သံဃနာယကအဖွဲ့ အနားယူ၊ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးကျင်းပ

ညောင်ရွှေ ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်နှင့် ရပ်စောက်မြို့နယ်တို့၏ မြို့နယ်သံဃနာယကအဖွဲ့ အနားယူ၊ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နေ့လယ်(၁၂) နာရီက ညောင်ရွှေမြို့ စိန်ရတုပုစ္ဆကကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အစည်းအဝေးတက်ရောက်လာကြသည့် ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အစည်းအဝေးကို စတင်ကြပြီး ပြည်နယ်သံဃနာကအဖွဲ့ဥက္ကဋ္ဌ တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တတေဇဝန္တအား သဘာပတိဆရာတော်အဖြစ် တင်မြောက်ကြသည်။

ထို့နောက် သဘာပတိဆရာတော်ဘုရားကြီးက ဩဝါဒကထာမြွက်ကြားတော်မူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက သာသနာရေးဆိုင်ရာကိစ္စရပ်များကို ဖတ်ကြားလျှောက်ထားခဲ့သည်။

၎င်းနောက် ညောင်ရွှေမြို့နယ်နှင့် ရပ်စောက်မြို့နယ်တို့မှ အနားယူကြမည့် မြို့နယ်သံဃနာယကအဖွဲ့ဝင်ဆရာတော်များနှင့် ပြန်လည်ရွေးချယ်တင်မြောက်သည့် ဆရာတော်များ၏ ဘွဲ့တော်များ အဆိုပြုတင်ပြဖတ်ကြားလျှောက်ထားခြင်းနှင့် ထောက်ခံတင်ပြလျှောက်ထားခြင်းများ ပြုလုပ်ကြပြီး သဘာပတိဆရာတော်ဘုရားကြီးက သံဃာသဘောထားရယူ၍ အတည်ပြုခဲ့သည်။

ယင်းနောက် သဘာပတိဆရာတော်ဘုရာကြီးက နိဂုံချုပ်ဩဝါဒကထာမြွက်ကြား၍ အစည်းအဝေးတက်ရောက်လာသူများက ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အစည်းအဝေးကို ရပ်နားခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ