ချောင်းဆုံမြို့နယ်၌ မတ်ပဲနှင့် ပဲတီစိမ်း စံကွက်ရိတ်သိမ်းခြင်းများ ဆောင်ရွက်

ချောင်းဆုံ ဖေဖော်ဝါရီ ၁၉

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဒေသတွင်းစားရေရိက္ခာဖူလုံစေရေးနှင့် ဆောင်းသီးနှံစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်များကို နည်းစနစ်မှန်ကန်စွာစိုက်ပျိုးပြီး အထွက်တိုးစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ(၁၇)ရက်နေ့က ကော့မုပွန်ကျေးရွာ ကွင်းအမှတ်(၆၃၅)ရှိ မတ်ပဲဧက(၁၀၀) အကွက်ကျယ်စံပြကွက်နှင့် ပဲတီစိမ်းစံကွက်ရိတ်သိမ်းခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါစံကွက်ရိတ်သိမ်းခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ တောင်သူများမှ မတ်ပဲဧက(၁၀၀)အကွက်ကျယ်ရှိ တောင်သူဒေါ်တင်ဌေး၏ မတ်ပဲရေဆင်း(၇)မျိုးအား ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်း တင်း(၂၀)ထွက်ရှိခဲ့ပြီး တောင်သူ ဒေါ်မြင့်အေး၏ ပဲတီစိမ်းစံကွက်တွင် ပဲတီစိမ်းဒေသမျိုးအား ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်း (၂၂.၁၃)တင်း ပျမ်းမျှထွက်ရှိခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်အတွင်း (၂၀၂၄-၂၀၂၅)ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် နေကြာ(၃၄၃၈)၊ မြေပဲ(၁၂၀)၊ နှမ်း(၄)ဧက စုစုပေါင်းဆီထွက်သီးနှံ (၃၅၆၂)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး နွေစပါး(၁၁၇)ဧက၊ ပဲမျိုးစုံ(၅၉၈၇)ဧကနှင့် ပိုက်ဆံလျှော်(၁၅)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကိုကျော် (ချောင်းဆုံ)