ရန်ကင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade (1) ကျောင်းသား၊ ကျောင်းသူ (၅၈၅) ဦးအား အာဟာရကျွေးမွေး

ရန်ကင်း ဖေဖော်ဝါရီ

ရန်ကုန်တိုင်း‌ဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းတို့ပူးပေါင်းကာ Grade (1) ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါကျောင်းတွင်းအဟာရ ကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီသီလတ်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းရည်မွန်တို့ဦးဆောင်၍ ကျောင်းအုပ်ကြီးများကျန်းမာရေး ဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များပူးပေါင်းကာ ရန်ကင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade (1) ကလေးငယ် (၅၈၅) ဦးအား အစာအုပ်စုသုံးအုပ်စုပါဝင်သော နေ့လယ်စာကျွေးမွေးခြင်းများကိုဆောင်ရွက်ခဲ့ရာ အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သော နေ့လယ်စာစားသုံးနေမှုကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီသီလတ်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းရည်မွန်တို့နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာသန်စွမ်းပြီး အဟာရပြည့်ဝကာ ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေပြီး ပညာရေးနှင့်ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်တတ်စေရန်၊ မူလတန်းကျောင်းသား၊ ကျောင်းသူများ၏ ကြီးထွားဖွံဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက်မှုများအတွက် ကျောင်းသား၊ ကျောင်းသူများသာမက ၎င်းတို့မိသားစုများ၏ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများမြှင့်တင်ပေးရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)