တံတား ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်လွဲ (၁) နာရီအချိန်က တံတားမြို့ တာပကျေးရွာရှိ အ.လ.က (အလယ်တန်း) ကျောင်းသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက်
နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က စိတ်ဓာတ်နှင့်စည်းကမ်း ခေါင်းစဉ်ဖြင့်ဟောပြောရာတွင် စိတ်ဓာတ်နှင့် စည်းကမ်းတို့၏ သဘောသဘာဝမတူညီသော်လည်း အပြန်အလှန်ဆက်စပ်နေပုံ စည်းကမ်းမည်မျှပင် ကောင်းမွန်ပါစေ စိတ်ဓာတ်မကောင်းပါက အောင်မြင်မှုမရရှိနိုင်ပုံ ခေါင်းဆောင်တို့၏စိတ်ဓာတ်သည် စံနမူနာယူဖွယ်ဖြစ်အောင် ပြသလုပ်ကိုင်ကြရပုံများကို ကမ္ဘာထင်ရှားကျော်ကြား ပညာရှင်တို့၏ အဆိုအမိန့်များဖြင့် ဥပမာပေးထားပုံ၊ စိတ်ဓာတ်၏ သဘောသဘာဝသည် ကူးစက်တတ်သည်၊ အမြင်ကျဉ်းသူများနှင့် ပေါင်းဖက်ယှဉ်တွဲနေထိုင်ပါက မိမိကိုယ်တိုင်လည်းအမြင်ကျဉ်းမြောင်းလာမည်။ ဆန့်ကျင်ဘက် အပျက်သဘောမြင် စိတ်ထားရှိသူတို့နှင့် ပူးပေါင်းမိပါက အဆိုးမြင်စိတ်ဓာတ် ကူးစက်သွားမည် စည်းကမ်းလိုက်နာသူ အများစုသည် စိတ်ဓာတ်ကောင်းမွန်သူများသာ ဖြစ်သည်။ မိမိလုပ်ကိုင်နေသောအလုပ်သည် မိမိကိုယ်တိုင်အတွက်သာမက နိုင်ငံအတွက် လူသားတို့အတွက် အကျိုးပြုနေသည်ဟူသော စိတ်သဘောထားကို ခံယူလာပါက မိမိ၏ဂုဏ်သိက္ခာကို ထိန်းသိမ်းရာရောက်ကြောင်း ဟောပြောဆွေးနွေးပြီးနောက် မူးယစ်ဝါးဆေးအန္တရာယ်အကြောင်း သိကောင်းစရာ နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်၊ စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခန့်စည်သူဝင်း(ပြန်/ဆက်)