ဟိုပုံး ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာပျော်ရွှင်ကာ အားကစားကဏ္ဍဖွံ့ဖြိုးပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံအားကစားနည်း (၇)မျိုး အခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းအား မတ်လ (၁)ရက်နေ့မှ မတ်လ (၂၀)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး မြို့မအားကစားကွင်းတွင် ဘောလုံး၊ ပိုက်ကျော်ခြင်းအားလည်းကောင်း၊ ကျောက်တိုင်ကွင်းတွင် ဘော်လီဘောအားလည်းကောင်း၊ သာသနာ့ဗိမာန်တွင် စားပွဲတင်တင်းနစ်အားလည်းကောင်း၊ ပေါင်လင်းစက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း၊ ခရစ်ကတ် စသည့် အားကစားနည်းများကိုလည်းကောင်း သက်ဆိုင်ရာနည်းပြဆရာများဖြင့် စနစ်တကျ လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
နွေရာသီအခြေခံအားကစားသင်တန်းများသို့ အခြေခံပညာစာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ မည်သူမဆို တက်ရောက်သင်ကြားနိုင်မည်ဖြစ်ပြီး သင်တန်းအခမဲ့ တက်ရောက်ခွင့်နှင့် သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နွေရာသီအခြေခံအားကစားသင်တန်း တက်ရောက်သင်ကြားလိုသော ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ဟိုပုံးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးနှင့် မြို့နယ်ပညာရေးမှူးရုံးသို့ ယနေ့မှစ၍ ဖေဖော်ဝါရီလ (၂၅)ရက်နေ့အထိ ရုံးချိန်အတွင်း လူကိုယ်တိုင် လာရောက်ဆက်သွယ် လျှောက်ထားနိုင်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)