တောင်တွင်းကြီး ဖေဖော်ဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံပိုင်အဆောက်အဦများ မီးလောင်ဆုံးရှုံးမှုမဖြစ်ပွားစေရေးနှင့် မီးဘေးလုံခြုံရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များက ကြီးကြပ်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစောမောင် ဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင်များအား တာဝန်ခွဲဝေကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဆေးရုံ၊ ဆေးခန်းများ၊ ဆေးဆိုင်များနှင့် ဆေးပစ္စည်းများ ထားရှိသိုလောင်သည့် ဂိုထောင်များသို့ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ယခုပွင့်လင်းရာသီရောက်ရှိလာချိန်၌ မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစီမံချက်များဖြင့် ရပ်ကွက်၊ ကျေးရွာများသို့ မီးသတိမူရေးနှိုးဆော်ခြင်း၊ တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများနှင့် ဆေးရုံ၊ ဆေးခန်းများအား စစ်ဆေးခြင်း၊ အသိပညာပေးလိုက်လံဟောပြောခြင်း၊ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသပေးမှုများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)