မြစ်သား ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည် ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ မြစ်သားမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ဈေးနှုန်းချိုသာစွာစားသုံးနိုင်ရန်အတွက် မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့ကကြီးကြပ်၍ စားအုန်းဆီ(၁) ပိဿာလျှင် ၈၅၀၀/-ကျပ်နှုန်းဖြင့် ရှမ်းပွဲရပ်ကွက်ရှိ ဒေါ်ဇာဇာကုန်ဆုံဆိုင်ရှေ့တွင် ယနေ့နံနက်ပိုင်းအချိန်က ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ မြစ်သားမြို့ ရှမ်းပွဲရပ်ကွက်ရှိဒေါ်ဇာဇာ ကုန်ဆုံဆိုင်ရှေ့တွင် ကျောက်ဆည်မြို့ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် ဦးအောင်လွင်က(၁)ပိဿာလျှင် ၈၅၀၀/-ကျပ် နှုန်းဖြင့် မြစ်သားမြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအားတစ်ဦးလျှင် ဆီ(၁) ပိဿာရရှိပြီး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ(၄၅)ဌာနတို့မှ အရာထမ်း၊ အမှုထမ်းစုစုပေါင်း(၁၄၇၈)ဦးတို့အား ဆီပိဿာချိန် (၁၄၇၈)ပိဿာအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)