ချမ်းအေးသာစံမြို့နယ်တွင် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (မန္တလေးတိုင်းဒေသကြီး) ကျွမ်းကျင်အဆင့် အိမ်ခြံမြေဝန်ဆောင်မှု အခြေခံပညာသင်တန်း ဖွင့်လှစ်

အောင်မြေသာစံ ဖေဖော်ဝါရီ ၁၈

မန္တလေတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်ခန်းမတွင် ကျွမ်းကျင်အဆင့် အိမ်ခြံမြေဝန်ဆောင်မှု အခြေခံပညာသင်တန်းကို ဖေဖော်ဝါရီက ၁၈ ရက်နေ့ နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးနှင့် မန္တလေးမြို့တော်ဝန်ဦးကျော်ဆန်း၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခင်မောင်သန်း၊ မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်းဗဟိုဥက္ကဋ္ဌ ဦးခင်မောင်သန်း နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးအသင်း (ယာယီ) ဥက္ကဋ္ဌ ဦးရဲလတ် နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းနှင့် နေပြည်တော်ကောင်စီနယ်မြေတို့မှ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းဝင်များနှင့် သင်တန်းသားများ စုစုပေါင်း ၄၅၀ ဦးခန့် တက်ရောက်ကြသည်။

ရှေးဦးစွာ မြို့တော်ဝန် ဦးကျော်ဆန်းက ဂုဏ်ပြုအမှာစကားပြောကြားပြီး ဗဟိုဥက္ကဋ္ဌ ဦးခင်မောင်သန်းက ရွေးချယ်ပြီးစီးခဲ့သည့် မန္တလေး တိုင်းဒေသကြီးအသင်း အလုပ်အမှုဆောင်ကော်မတီဥက္ကဋ္ဌ (ယာယီ) နှင့် အလုပ်အမှုဆောင် ၃၉ ဦးတို့၏ အမည်စာရင်းအား အတည်ပြုကြောင်းကြေညာ၍ အမှာစကားပြောကြားကာ မန္တလေးတိုင်းဒေသကြီးအသင်း (ယာယီ) ဥက္ကဋ္ဌ ဦးရဲလတ်က နှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအသင်း ဒုတိယ-ဥက္ကဋ္ဌ (၂) ဦးတင့်ဆွေက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ပြောကြားပြီး ဗဟိုအသင်းဥက္ကဋ္ဌ ဦးခင်မောင်သန်းက တိုင်းဒေသကြီးအသင်းအတွက် ရန်ပုံငွေ သိန်း ၅၀ ကျပ် ပေးအပ်ခဲ့ရာ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် သင်တန်းအား ဆက်လက်ပြုလုပ်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးချုပ်၊ နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့်ဇော်က ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အကြောင်းအရာများအား ဆွေးနွေးပို့ချကြပြီး အဆိုပါသင်တန်းအား ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် တာဝန်ရှိသူများက ကျွမ်းကျင်အဆင့် အိမ်ခြံမြေဝန်ဆောင်မှု အခြေခံပညာသိကောင်းစရာများအား ဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)