စစ်တွေ ဖေဖော်ဝါရီ ၁၈
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး သာသာရပ်ဆိုင်ရာ စာစစ်မှူးချုပ်များ၏ ဟောပြောဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ/ဌာနမှူးများ၊ ဌာနဆိုင်ရာများ၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာတို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်၏အနာဂတ်ကို ဦးဆောင်ကြမည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများအတွက် အနာဂတ်ရောင်ခြည် ပွင့်လင်းလာစေရန် မေတ္တာပေါင်းကူးတံတား ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် မြင့်မားရေးအတွက် တက္ကသိုလ်မှပါမောက္ခ (ဌာနမှူး) များ၏ သင်ကြားပို့ချလမ်းညွှန်မှုသည် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် များစွာအထောက်အကူဖြစ်ပြီး အောင်မြင်ရေးကို ဦးတည်မည်ဖြစ်ကြောင်း၊ စစ်တွေတက္ကသိုလ်နှင့် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ၏ ဘာသာရပ်ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီလအတွင်းတွင် ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များနှင့်တွေ့ဆုံပြီး ပို့ချဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း၊ အလားတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် စစ်တွေတက္ကသိုလ်၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး အောင်ချက်မြင့်မားရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြပြီး ဖြစ်သကဲ့သို့ ဆက်လက်၍လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နောက်လည်းကူညီပံ့ပို့ပေးသွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် အထောက်အကူဖြစ်စေရန် လိုအပ်ချက်များကို အတတ်နိုင်ဆုံးကူညီပေးသွားဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ရခိုင် ပြည်နယ်၏ အောင်ချက်ရာခိုင်နှုန်းသည့် ၆၀ ဒဿမ ၇၇ ရာခိုင်နှုန်းရှိပြီး (၆) ဘာသာဂုဏ်ထူးရှင် (၂၂)ဦး၊ (၅) ဘာသာဂုဏ်ထူးရှင် (၅၂)ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၇၅)ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၁၀၆) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၁၈၆)ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၈၆၂)ဦး၊ ပေါ်ထွန်းခဲ့၍ ဂုဏ်ယူခဲ့ရကြောင်း၊ ၂၀၂၃ ခုနှစ် အောင်ချက်ရာခိုင်နှုန်းဖြင့် နှိုင်းယှဉ်မည်ဆိုလျင် ၂၀၂၄ ခုနှစ်တွင် အောင်ချက်ရာခိုင်နှုန်းနှင့် ဂုဏ်ထူး ရရှိသူဦးရေပါ တိုးတက်လာသည်ကို တွေ့ခဲ့ရသည့်အတွက် အခက်အခဲမျိုးစုံကြားက ကြိုးစားခဲ့ကြသော ရခိုင်ပြည်နယ် ပညာရေးမိသားစုကို အထူးပင်ကျေးဇူးတင်ကြောင်း၊ ထိုကဲ့သို့ အောင်မြင်မှုများရရှိခြင်းသည် စစ်တွေတက္ကသိုလ်ပါမောက္ခချုပ်၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များနှင့် အခြေခံပညာတို့၏ ပေါင်းစည်းအားကြောင့်ဖြစ်ကြောင်း၊ လာမည့်တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း ယခင်နှစ်များထက် အရေအတွက်ရော အရေအသွေးပါ တိုးတက်မြင့်မားသော ထူးချွန်လူငယ်များ မွေးထုတ်ပေးနိုင်ရန် ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ကြောင်းနှင့် ယခုတွေ့ဆုံပွဲတွင် စစ်တွေတက္ကသိုလ်မှ ပါမောက္ခ (ဌာနမှူး)များနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရင်း အောင်မြင်မှုများ ရရှိနိုင်ကြပါစေကြောင်း ပြောကြားသည်။
ဆက်လက်ပြီး စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာခင်မောင်ဇော်က တတ္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် စစ်တွေတက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ စာစစ်မှူးချုပ်များက မိမိတို့ဘာသာရပ်အလိုက် ဟောပြောပို့ချခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)