မက်မန်းမြို့နယ်၌ မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်

မက်မန်း ဖေဖော်ဝါရီ ၁၈

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုနေစဉ်ကာလအတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ယမန်နေ့ နံနက် ၉ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးလုံခြုံရေး စစ်ဆေး အကြံပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက စာမေးပွဲဖြေဆိုကျင်းပမည့် အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် စာသင်ကျောင်းဆောင်များ၊ ကျောင်းပတ်ဝန်းကျင်မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပြုခြင်း၊ လျှပ်စစ်မီးကြိုးများသွယ်တန်းထားရှိမှုနှင့်ပတ်သက်၍ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ၊ မီးဘေးကြိုတင်ကာကွယ်ရေးသုံးပစ္စည်များ ကြိုတင်ပြင်ဆင်ထားရှိမှု၊ မီးချိတ်၊ မီးကတ်၊ သဲ၊ လှေကား၊ မီးသတ်ဆေးဘူးများ ရေစုရေကန်များတွင် ရေသိုလှောင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မီးဘေးလုံခြုံရေးအတွက် လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

အေဇက်ထွန်း(မက်မန်း)