ရန်ကင်း ဇန်နဝါရီ ၁၈
နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ရန်ကင်းမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်မြမြ၀င်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်လှလှထွေးက လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ Moderator များအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်လှလှထွေးနှင့် အလယ်တန်းပြဆရာမဒေါ်ခင်မိုးမိုးတို့က ဆောင်ရွက်ခဲ့ကြပြီး Grade-6 မှ ကျောင်းသူမခင်မေသန်းမှ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ထက်မိုးယံမှ လူငယ်နှင့်ယဥ်ကျေးမှုခေါင်းစဥ်ဖြင့်လည်းကောင်း၊ မမြတ်နေခြည်သာမှ လူငယ်နှင့်အားကစားကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်လင်းဝေယံမှ လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ မယွန်းရှင်းသန့်မှ လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရွှန်းလဲ့ရည်မှ လူငယ်နှင့်စာရိတ္တခေါင်းစဉ်တို့ဖြင့် အသီးသီးပါဝင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်၀န်ထမ်းများ၊ Book Club အဖွဲ့၀င်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းအပြီးတွင် ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။
ရဲလေး(ပြန်ဆက်)