နိုင်ငံတော်ဩဝါဒါစရိယဘဒ္ဒန္တပညိဿရာဘိဝံသမဟာထေရ်မြတ်၏အရိုးဓါတ်ပြာတော်များအား လှိုင်မြစ်အတွင်းသို့ရေမျှောပူဇော်

ရန်ကုန် ဖေဖော်ဝါရီ ၁၈

နိုင်ငံတော်ဩဝါဒါစရိယ၊ တိပိဋကဓရတိပိဋကကောဝိဒါရွေးချယ်စာမေးပွဲ ဩဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ သာသနာ့ဂုဏ်ရည်ချမ်းသာကြီးကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တပညိဿရာဘိဝံသ မဟာထေရ်မြတ်ကြီး၏ အရိုးဓါတ်ပြာတော်များအား (ဓါတုဥဒါကပဝါဟနပူဇာ)လှိုင်မြစ်အတွင်းသို့ ရေမျှောပူဇော်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ(၁၆)ရက်နေ့က လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ညောင်ကျေးရွာရှိ ပန်းလှိုင်အိမ်ရာဆိပ်ကမ်း‌ဘေး ဆိပ်ခံဗောတံတားတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အရိုးပြာဓါတ်တော်များအားမြစ်အတွင်းသို့ ရေမျှောပူဇော်ပွဲမစတင်မီ တပည့်သံဃာနှင့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့မှ ဆရာတော်ကြီး၏အရိုးပြာဓါတ်တော်များကို ရှိခိုးကန်တော့ကာအရိုးပြာဓါတ်တော်များကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ကစင်ကျေးရွာသာသနာ့ဂုဏ်ရည်ချမ်းသာကြီးကျောင်းတိုက်ကြီးမှ ရေမျှောပူဇော်မည့် ညောင်ကျေးရွာကမ်းနားဆိပ်ကမ်းသို့ ပင့်ဆောင်ပူဇော်ခဲ့ကြသည်။

 ဆက်လက်၍ ဆရာတော်ကြီး၏ အရိုးပြာဓါတ်တော်များကို လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ဘဒ္ဒန္တခေမိန္ဒ၊ အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲထွန်းဇော်နှင့်တာဝန်ရှိသူများက ကမ်းနားဆိပ်ကမ်းမှလှိုင်မြစ်အလယ်သို့ပင့် ဆောင်ပူဇော်ခဲ့ကြပြီး ဆရာတော်အရှင်သူမြတ်များက သဗ္ဗေသင်္ခါရာအနိစ္စာတိအစရှိသောသံဝေဂ သုံးဂါထာကိုရွတ်ဆို၍ အရိုးပြာဓါတ်တော်များကို လှိုင်မြစ်အတွင်းသို့ ရေမျှောကာပူဇော်ခဲ့ကြကြောင်း သိရသည်။

ဆရာတော်ကြီး သက်တော်(၉၀)နှစ်၊ သိက္ခာတော်(၇၀)ဝါအရ ၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း(၇)ရက်၊ ဖေဖော်ဝါရီလ(၄)ရက်(အင်္ဂါနေ့)နံနက်(၁၀)နာရီ(၁၅)မိနစ်အချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာအခမ်းအနားကို ဖေဖော်ဝါရီလ(၁၅)ရက်နေ့ကကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ပြန်ဆက်)